၂၀၁၂ ဧပြီလ (၁၁) ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဖေဖော်ဝါရီလကုန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ အစိုးရအဖွဲ့ကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးများကိုသော်လည်းကောင်း မည်သူတစ်ဦးတစ်ယောက် နှင့်မှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ရုတ်တရက် ပြောဆိုလိုက်ပါတယ်။
ဦးရွှေမန်းမှ “အောက်ခြေဝန်ထမ်းတွေ အဆင်မပြေဘူးဆိုတာကိုသိရင် ဒီလိုဖြစ်ကြတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ၊ ရုံးအဆင့်အတန်းအလိုက် လျော်ညီစွာအသုံးပြုရန် သင့်တင့်မျှတ သော ရုံးအသုံးစရိတ်၊ အထွေထွေစရိတ်၊ ဝန်ထမ်းများ၏ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြားစရိတ်များကို စိစစ်တိုးမြှင့်ပေးဖို့နှင့် တကယ်လို့ငွေပိုနေသေးလျှင် ဝန်ထမ်းများအတွက် လစာငွေနှင့် ထောက်ပံ့ငွေပေးနိုင်ရေး အတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းဆောင်ရွက်လျှင် ဖြစ်နိုင်ခြေရှိကြောင်းကိုလည်း လေ့လာတွေ့ရှိထားပါ တယ်။ ဒီကိစ္စအတွက် လွှတ်တော်သို့ တင်ပြလာလျှင် အတည်ပြုပေးသင့်ကြောင်း တင်ပြအပ်ပါတယ်”လို့ ပြောကြားလိုက်ပါတယ်။
ဦးရွှေမန်းရဲ့ ပြောဆိုမှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာရုံစိုက်နေတဲ့ လူထုတစ်ရပ်လုံးက ဦးရွှေမန်းကို အာရုံစိုက်သွားကြပါတယ်။ ဝန်ထမ်အများအပြားနဲ့ ဝန်ထမ်းများကို မှီခိုနေရတဲ့ ပြည်သူများကလည်း လစာတိုးပေးဖို့ နိုင်ငံတော်မှာ အဆင့်(၃) တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုခြင်း ဖြစ်တာကြောင့် သေချာပေါက်တိုးပြီဆိုပြီး ဝမ်းသာ ပျော်ရွှင်ခဲ့ရပါတယ်။ မြန်မာ့အရေးလေ့လာသူများကလည်း ဦးရွှေမန်းအနေနဲ့ ယခင် လုပ်ဖော်ကိုင်ဖက် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဌတွေကို တိုင်ပင်ပြီးတာကြောင့် အခုလို ပြောဆိုတာ ဖြစ်နိုင်ကြောင်း၊ လစာတိုးဖို့ သေချာကြောင်း သုံးသပ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဘဏ္ဏာရေးဝန်ကြီးက လစာတိုးမြှင့်ရေး အစီအစဉ်မရှိသေးကြောင်း လွှတ်တော်တွင် ဖြေရှင်းခဲ့ရာ ဦးရွှေမန်းအရှက်ရခဲ့ပြီး နောက်တစ်ကြိမ် ထပ်တင်ခဲ့ပြန်ပါတယ်။ အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း အချို့ကို ရပ်နားထားပြီး ဝန်ထမ်းလစာကို အရင်တိုးဖို့ ထောက်ပြပါတယ်။ ဒီလိုနဲ့ စီမံကိန်းအချို့ ရပ်နားခဲ့ရပြီး စီမံကိန်းတွင် လုပ်ကိုင်နေသော အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ မျှော်လင့်တောင့်တနေတဲ့ ဝန်ထမ်းတွေလည်း ငွေနှစ်သောင်းနဲ့တင် ကျေနပ်ခဲ့ရပါတယ်။ လစာတိုးဖြစ်စဉ်အပြီး ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ရတာဟာ ဦးရွှေမန်းရဲ့ မဆင်မခြင် နာမည်ကောင်းဝင်ယူခဲ့တာကြောင့် ဆိုပြီး နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြပါတယ်။
ဒုတိယနဲ့ တတိယအချက်ကတော့ ကော်မတီကော်မရှင်တွေ ကိစ္စနဲ့ခုံရုံးနှုတ်ထွက်သွားရတဲ့ ကိစ္စပါ။ လွှတ်တော်ခေါ်ပြီး မကြာခင်မှာပဲ ကော်မတီမျိုးစုံ၊ ကော်မရှင်မျိုးစုံ ယခင် ဝန်ကြီးဟောင်းတွေနဲ့ ဖွဲ့စည်း ခဲ့ကြပါတယ်။ ယခင် ဝန်ကြီးဟောင်းများက ၎င်းတို့တာဝန်ယူခဲ့သည့်လုပ်ငန်းနှင့် သက်ဆိုင်သော နာမည်ဖြင့် ကော်မတီပြန်ဖွဲ့ကာ ဥက္ကဌပြန်လုပ်ကြပါတယ်။ ကော်မတီ၊ ကော်မရှင် ဥက္ကဌများကို ဦးရွှေမန်းက အထူး အရေးပေးသည့်အပြင် အခါအားလျှော်စွာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ယခင်ဝန်ကြီးဟောင်း ကော်မတီ ကော်မရှင် ဥက္ကဌတွေက လက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးတွေရဲ့ လုပ်ဆောင်မှုများကို ဝင်ရောက် စွက်ဖက်မှုတွေရှိလာပါတယ်။ အဲဒီနောက် ကော်မတီဥက္ကဌနဲ့ ဝန်ကြီး နှစ်ယောက် ဘယ်သူက ပိုကြီးသလဲဆိုတဲ့ ပြဿနာပေါ်လာပါတယ်။ ပြဿနာအတွက် အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက် ရယူခဲ့ချိန်မှာ အခြေခံဥပဒေ ခုံရုံးမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၇ (ဂ)၊ ပုဒ်မ ၉ဝ၊ ၉၁၊ ၉၃ (ခ)၊ ၉၇ (ဃ) (၁)၊ ပုဒ်မ ၁ဝဝ၊ ၁ဝ၁၊ ၁ဝ၃ စသည့် ပုဒ်မပေါင်း ၁၄ ခုကို ကိုးကား၍ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကိုရယူပြီး ခန့်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုရမည် ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖွဲ့အဖြစ် ထည့်သွင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ထုတ်ပြန်ခဲ့ရာ ခုံရုံးနဲ့ လွှတ်တော်ကြား တင်းမာမှု အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
အဓိက တာဝန်ရှိသူ ဦးရွှေမန်းက လွှတ်တော်ဖက်ကနေပြီး ရပ်တည်ခဲ့တာကြောင့် အခြေခံဥပဒေအရ လွှတ်တော် ကော်မတီများကို ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အား စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့ကြပါတယ်။ သမ္မတကြီးကိုယ်တိုင်က ခုံရုံးနဲ့လွှတ်တော်ကြား ညှိညှိနှိုင်းလုပ်ဆောင်ဖို့ ပြောဆိုခဲ့ပေမယ့် ဥက္ကဌ ဦးသိန်းစိုးအပါအဝင် ၉ ဦးလုံး ၂၀၁၂ စက်တင်ဘာလမှာ နှုတ်ထွက်ခဲ့ရပါတယ်။ လွှတ်တော်က တစ်ဖက်၊ ခုံရုံးနဲ့ အစိုးရက တစ်ဖက် အားပြိုင်မှုမှ လွှတ်တော်က အပြတ်အသတ်နိုင်ခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့ ဦးသိန်းစိုးတို့အပေါ် အနိုင်ရမှုအတွက် ဦးရွှေမန်းလည်း ကျေနပ်ခဲ့ပါတယ်။
ဦးရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ်ကိုင်တွယ်တတ်ပြီး စနစ်တကျ အကွက်ချတတ်တယ်။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာ ဒေါက်တိုင်ကြီးသုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာပါ။ ဒီအညှာကိုချိုးနိုင်မှတော့ ကျန်တဲ့ ဒေါက်တိုင် တွေ အချိန်မရွေးဖြိုပစ်လို့ရပြီဆိုတဲ့ သဘောပါ။ အသေအချာစဉ်းစားကြည့်ရင် ပြည်သူ့လွှတ်တော်နဲ့ ဦးရွှေမန်း က အာဏာရှင်ဒီမိုကရေစီကိုစပြီး ခြေလှမ်းလိုက်တာလို့ ပြောလို့ရပါတယ်။
စတ္ထုထမြောက် ဖြစ်စဉ်ကတော့ နိုင်ငံတော် စာရင်းစစ်ချုပ် ဦးလွန်းမောင်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးခံခဲ့ရတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဦးရွှေမန်းနဲ့အတူ ဂေါက်ရိုက်တုန်းမှ စေတနာနဲ့ သတိပေးခဲ့တာတစ်ခုကို အခွင့်ကောင်းယူပြီး ဦးရွှေမန်းက ပညာပြန်ပေးခဲ့တဲ့အတွက် စာရင်းစစ်ချုပ် ဦးလွန်းမောင် ရာထူးကနေ ဖယ်ရှားခံရပြီး အခု ထမင်းရောင်းနေရပါတယ်။ ဦးလွန်းမောင်က “ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။”လို့ပြောပါတယ်။ နှစ်ပေါင်းများစွာ အတူလက်တွဲ လုပ်ကိုင်လာသူ တစ်ယောက်ကို ဘဝပျက်သွားတဲ့အထိ လုပ်ရက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပဉ္စမအချက်ကတော့ တခြားသူတွေကို စာအုပ်ထဲကအတိုင်း အတိအကျလိုက်ကိုင်တဲ့ ဦးရွှေမန်းဟာ ကိုယ်တိုင်ကတော့ မိသားစုတစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ သွယ်ဝိုက်သောနည်းနဲ့ ကူညီအားပေးနေတာပါပဲ။ ဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလားဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင်ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမ္ပဏီတို့နဲ့အပြိုင် စပါးပေးငွေ (စိုက်ပျိုးစရီတ်ချေးငွေ)ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံး မှတစ်ဆင့် သိမ်းယူမှုတွေ အများအပြားလုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။
ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်းဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေး အပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်နေပါပြီ။
မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာ လည်း မြေကွက်အမြောက်အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။ နေပြည်တော် မြို့တော်တည်ဆောက်ရေး လုပ်ငန်းတွေမှာလည်း ဦးအောင်သောင်း သားအပါအ၀င် တခြား လူကြီးသား သမီးတွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက် အမြောက် အများ ရရှိခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါဦးမည်။
(မောင်ပေါက်ကျိုင်း)
0 comments:
Post a Comment