Showing posts with label တိုင်စာ. Show all posts
Showing posts with label တိုင်စာ. Show all posts

Sunday, May 22, 2016

တိုင်စာ

0 comments
သို့ အမေစု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီး ကျွန်တော် အထက်မင်းလှမြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိငယ်တစ်ဦးဖြစ်ပါသည်။ မင်းလှတွင် တာဝန်ထမ်းဆောင်နေသည်မှာ ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ကျွန်တော်တို့ ရဲများမှာလည်း စစ်အစိုးရ သက်တမ်း တလျှောက် တဖြည်းဖြည်းနဲ့ ပြည်သူ့ချဉ်ဖတ် ဖြစ်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ရဲအလုပ် ရဲလုပ်ခွင့်မရခဲ့ခြင်းကြောင့် သာ ဖြစ်ပါတယ် ။ မင်းလှ မြို့နယ်အတွင်းမှာ ရေနံမှော်များစွာရှိသောကြောင့် ဆက်ကြေးကောက်ကြရတယ်။ မှောင်ခို ရေနံတင်ကားတွေဖမ်းပြီး မိရင် ငွေညှစ်ရတယ်။ပါလာတဲ့ ဆီ ရောင်းစားကြတယ်။ ပြီးရင် အထက်အရာရှိအဆင့်ဆင့်ကို ဂါ ရတယ်။ မှောင်ခိုကားတွေဖမ်းရင် မြို့နားက -ကပစ တပ်တွေက စစ်သားတွေမောင်းတာလား အရင်ကြည့်ရသေးတယ်။ အဲ့ဒီလူတွေကို ဖမ်းမိရင် ကျွန်တော်တို့ပဲ ဒုက္ခရောက်ရတယ်။ ရဲစခန်းမှုး ၊ရဲ မြို့နယ်မှုးကအစ အနီးအနား ကပစ-၁၀ ၊ ကပစ-၂ တွေက ဗိုလ်မှုးကြီးတွေ ၊ တပ်နယ်မှုးတွေ ၊ ဗိုလ်မှုးတွေကို ပြန်ကြောက်နေရတယ်။ အရေးထဲ ထွေအုပ်က အုပ်ချုပ်ရေးမှုး ကလည်း တစ်မှောက်။ ထွေအုပ်ကာကွယ်ပေးထားတဲ့ တရားမဝင် လုပ်ငန်းတွေ အထက်မင်းလှမြို့မှာ အများအပြား ရှိနေပါတယ်။ ထွေအုပ်နဲ့ ပိုင်ရင် ရဲကိုတောင် ဂရုမစိုက်ပါ။ မင်းလှမြို့ထဲမှာ အရက်လိုင်စင်မရှိတဲ့ ဆိုင်တွေအများကြီးရှိတယ်။ တကယ်မဖမ်းပဲ ဆက်ကြေးပဲ ကောက်နေရတယ်။ ဖမ်းရင်လဲ ရဲ ပဲ ပြသနာတက်မှာပါ။ မင်းလှမြို့က မြို့သာသေးတယ် တရားမဝင် KTV ငါးဆိုင်လောက်ရှိတယ်။ ခုနပြောတဲ့ ဗိုလ်မှုးကြီးတွေ ၊ ဗိုလ်မှုးတွေ ၊ PIC ဝန်ထမ်းတွေ ၊ခရိုနီတွေ၊ ရေနံလုပ်ငန်းရှင်တွေ ကျက်စားရာ၊ သူတို့နဲ့ တနည်းနည်း ပတ်သက်ရာ ဆိုင်တွေများတယ်။ ကျွန်တော်တို့ ရဲ အရာရှိငယ်တွေခဗျာ တရားမဝင်မှန်းသိတောင် မဖမ်းရဲဘူး ။ အရင် မယက အုပ်ချုပ်ရေးမှုး ဦးပေါက်ကျော် ကာကွယ်ပေးတဲ့ဆိုင်တွေ၊ ဗိုလ်မှုးကြီးတွေနဲ့ ပတ်သက်တဲ့ဆိုင်တွေ အများကြီးပါဗျာ။အဲ့ဒီတော့ ခရိုင်က လာဖမ်းမယ်ဆိုလဲ အဲ့ဒီ KTV ဆိုင်တွေက ကြိုသိနေတယ်။ အဲ့ဒီဖမ်းမဲ့အဖွဲ့တွေကလဲ ဆိုင်တွေက ကောင်မလေးတွေနဲ့ ဧည့်ခံတာကို သောက်စားပြီး မဖမ်းပဲ ပြန်သွားကြတာ များပါတယ်။ နောက်တစ်ခုက နှစ်လုံး ၊သုံးလုံး လောင်ကစား ကိစ္စ ပါ။ တစ်ခြားမြို့တွေတော့ မသိပါ။ ဒီ မင်းလှမြို့ကတော့ နှစ်လုံး၊သုံးလုံး လောင်းကစားဒိုင်ချုပ်တွေကို တစ်ချို့ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုး တွေ ခန့်ထားတာပါ။ ဒီမြို့ကျဉ်းကျဉ်းလေးထဲမှာ ဘယ်သူ လောင်းကစားဒိုင်ချုပ်လဲဆိုတာ ကလေးကအစ သိကြပါတယ်။ ရဲစခန်းမှုးတို့ ၊ မယကတို့နဲ့ မကင်းကြသူတွေက လောင်းကစားဒိုင်ချုပ်တွေ ဖြစ်နေပါတယ်။ စခန်းကိုလည်း လစဉ် ဆက်ကြေးပေးကြပါတယ်။ ဒီဆက်ကြေးတွေကို လက်ခံသူတွေက ရဲတပ်ဖွဲ့ထဲက ရာထူးကြီးသူ တစ်ချို့ ဖြစ်နေပါတယ်။ ဒီလိုနဲ့ ရဲတပ်ဖွဲ့ဟာ ပြည်သူတွေကို ကာကွယ်ပေးကာ ရာဇဝတ်မှုတွေကို နှိမ်နင်းပေးရမယ့်အစား၊ ဓားပြအကြီးစားသဘောမျိုး ဖြစ်ကာ နာမည်ပျက်ခဲ့ရပါတယ်။ အမေစုဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ကျွန်တော်တို့ ရဲတပ်ဖွဲ့ရဲ့ ကျဆင်းခဲ့တဲ့ သိက္ခာကို အလုပ်နဲ့ သက်သေပြရင်း ပြန်လည်မြှင့်တင်လိုပါတယ်။ ရဲတာဝန်စစ်စစ် ယူချင်ပါတယ်။ စစ်တပ် ၊ မယကတို့ရဲ့ ဖိအား မရှိစေချင်ပါ။ ထို့အပြင် ဦးသိန်းစိန်အစိုးရဆင်းခါနီး ရပ်ကွက်အုပ်ချုပ်ရေးမှုးများအဖြစ် အားချင်းခန့်အပ်သွားသော အကျင့်ပျက်၊ လောင်းကစားဒိုင်ချုပ်များကိုလည်း ပြန်လည် စီစစ် အရေးယူပေးပါဟု တောင်းဆိုလိုပါတယ် ခင်ဗျာ ။ အမေစုအားလေးစားလျှက် ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာ ပြန်လည်မြှင့်တင်လိုသော ရဲတပ်ဖွဲ့ အရာရှိငယ်တစ်ဦး အထက်မင်းလှမြို့

Sunday, July 19, 2015

ခွေးနင်းလို့ ပေါက်သွားတဲ့ ကွန်ကရစ်လမ်းအတွက် ဘယ်သူ တာဝန်ယူမှာလဲ

0 comments


ရွှေပြည်သာမြို့နယ် အမှတ် ၇ ရပ်ကွက် နန်းမြိုင်ပန်းခြံက လမ်းတွေကို အခု ကွန်ကရစ်လမ်းခင်းနေပါတယ်။ နန်းမြိုင်ပန်းခြံမှာ လမ်း ၄လမ်းရှိတဲ့အနက် အခုလက်ရှိမှာတော့ နန်းမြိုင် ၂လမ်းကို ခင်းနေတာဖြစ်ပါတယ်။ လမ်းခင်းထားတာ လေး၊ ငါးရက်ပဲရှိသေးတယ်။ ဒီမနက်မှာ လမ်းကပေါက်နေပါပြီ။ ခွေးနင်းလို့ ကျွံပြီးပေါက်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေကတော့ ပြောနေကြပါတယ်။ ဒါနဲ့ ကိုယ်တိုင်သွားပြီး တိုင်းထွာကြည့်တော့ လမ်းကွန်ကရစ်ထုဟာ လက်မ၀က်လောက်ပဲရှိတာ တွေ့ရပြီး လက်ညှိုးနဲ့နှိုက်သမျှ သဲတွေထွက်လာပါတယ်။

အမှန်တကယ်ခင်းရမယ့်ကွန်ကရစ်ထုက ခြောက်လက်မပါ။
လမ်းခင်းဖို့ကုန်ကျစရိတ်ကို မြို့နယ်စည်ပင်သာယာရေးဌာနကကျခံပြီး လမ်းခင်းလုပ်ငန်းကိုတော့ ကန်ထရိုက်ငှားရမ်းလုပ်ကိုင်စေတယ်လို့ သိရပါတယ်။ လမ်းကို ၆ လက်မထုနဲ့ ၁၂ ပေအကျယ် ခင်းပေးရမှာဖြစ်ပြီး ကုန်ကျစရိတ်ကို စည်ပင်သာယာဌာနက ကန်ထရိုက်ကိုပေးချေထားတယ်လို့လည်း သိရပါတယ်။

ကန်ထရိုက်အဖွဲ့ဟာ တနေ့ကို ပေ၂၀၊ ပေ၄၀နှုန်းလောက်နဲ့ခင်းနေတာဖြစ်ပါတယ်။ ကန်ထရိုက်အလုပ်သမားတွေဟာ မဆလာဖျော်စက်နားကို သဲ၊ ကျောက်ပုံပေးမှ အလုပ်လုပ်ပြီး သဲ၊ ကျောက်ကုန်သွားရင် အလုပ်ဆက်မလုပ်တော့ပါဘူး။ (ဒီကိစ္စတွေအတွက် စည်ပင်နဲ့ ကန်ထရိုက် ဘယ်လိုစာချုပ် ချုပ်ဆိုထားတယ်ဆိုတာ ရပ်ကွက်လမ်းဖြစ်မြောက်ရေးကော်မတီက မသိဘူးလို့ဆိုပါတယ်။) ဒီအတွက် ရပ်ကွက်လမ်းဖြစ်မြောက်ရေးကော်မတီက ရပ်ကွက်နေပြည်သူတွေဆီကကောက်ခံထားတဲ့ ရန်ပုံငွေနဲ့ သဲသယ်၊ ကျောက်သယ် အလုပ်ကြမ်းသမားတွေကို သပ်သပ် ထပ်ငှားပေးနေရပါတယ်။ ဒါ့အပြင် ပန်းခြံကွက်မှာနေထိုင်တဲ့ ပြည်သူအချို့ကလည်း လမ်းခင်းကုသိုလ်လိုချင်လို့ ၀ိုင်းဝန်းလုပ်အားပေးတာတွေလည်းရှိပါတယ်။ ဒါကလမ်းခင်းလုပ်ငန်း လုပ်ဆောင်တဲ့အပိုင်းမှာ ရပ်ကွက်ပြည်သူတွေက ပံ့ပိုးပေးတာပါ။

အလုပ်သမားတွေစားသောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပန်းခြံဓမ္မာရုံမှာ ချက်ပြုတ်ကျွေးတာဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်ကို ပြည်သူတွေဆီကကောက်ခံထားတဲ့ပိုက်ဆံနဲ့ အသုံးပြုတာဖြစ်ပါတယ်။ (ကျွန်တော်တို့ပန်းခြံက တစ်အိမ် ခြောက်သောင်းပေးထားရပါတယ်။) ဒါ့အပြင် အလုပ်လုပ်နေချိန်မှာလည်း အိမ်တွေကနေ မုန့်၊ သောက်ရေ၊ ဖျော်ရည် စသဖြင့် ဧည့်ခံကြပါသေးတယ်။

ပြည်သူက ဒီလောက်အထိ ဖြည့်ဆီးပံ့ပိုးပေးနေတာတောင် ကန်ထရိုက်အဖွဲ့ဟာ လုပ်ငန်းလုပ်ဆောင်ရာမှာ စေတနာမပါဘဲ ပြီးပြီးရော လုပ်ဆောင်နေပါတယ်။ ကွန်ကရစ်မလောင်းခင် အောက်ခြေမှာ သဲတွေဖို့ပြီး အပေါ်ကနေကွန်ကရစ်နည်းနည်းပဲ ခင်းတာပါ။ လမ်းရဲ့ဘေးအစွန်နှစ်ဘက်နားမှာပဲ ကွန်ကရစ်ထုအပြည့်ထားပြီး အလယ်မှာ သဲတွေဖို့ထားပါတယ်။ ကျွန်တော်လေ့လာခဲ့သလောက်ဆိုရင် ရပ်ကွက်ထဲက ကွန်ကရစ်လမ်းအများစုကို အဲ့ဒီလို ပုံစံမျိုးနဲ့ပဲ ခင်းနေကြတာဖြစ်ပါတယ်။ ၇ရပ်ကွက် န၀ရတ်လမ်းမကြီးဆိုရင်လည်း ကိုးလက်မထု အပြည့်မရှိပါဘူး။ ကွန်ကရစ်ထုဟာ သုံးလက်မ ၀န်းကျင်ပဲရှိမှာပါ။ အောက်ပိုင်းက သဲတွေပဲ ဖြည့်ထားတာပါ။

ဒီလမ်းတွေဟာ ဘယ်လိုမှ ရေရှည်မခံနိုင်ပါဘူး။ ခင်းပြီးကာစ ခဏပဲကောင်းပြီး လေး၊ ငါးလကြာရင် ပြန်ပျက်တာပါပဲ။ ပြည်သူ့ဘဏ္ဍာငွေနဲ့ ခင်းတဲ့လမ်းကို ပြည်သူတွေ အချိန်ကာလ အပြည့်အ၀မသုံးစွဲလိုက်ရပါဘူး။

ဒီကိစ္စတွေမှာ အဓိကတာဝန်ရှိတာ စည်ပင်သာယာရေးဌာနပါပဲ။ သက်ဆိုင်ရာတာဝန်ရှိသူဟာ လုပ်ငန်းလုပ်ကိုင်မဲ့ ကန်ထရိုက်ကို လက်သင့်ရာစားတော်ခေါ်တာမျိုးမဟုတ်ဘဲ အမှန်တကယ်လုပ်ကိုင်နိုင်မယ့်သူကို တာဝန်ယူမှု၊ တာဝန်ခံစေမှုနဲ့သာ လုပ်ငန်းအပ်နှံသင့်ပါတယ်။ ဒီအတွက် ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူသင့်ပါတယ်။ အခုတော့ ဘယ်လို ကန်ထရိုက်မျိုးကို ဘယ်လိုစံနဲ့ရွေးချယ်ပြီး လုပ်ငန်းအပ်နှံသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ လမ်းအကျယ်၊ ထု၊ ခံနိုင်ရည်၊ နှစ်ကာလအကန့်အသတ်နဲ့ စာချုပ် ချုပ်ဆိုရမှာဖြစ်ပြီး ပျက်ဆီးမှုတွေအတွက်ကိုလည်း ကန်ထရိုက်ကို တာဝန်ယူ၊ တာဝန်ခံစေရမှာဖြစ်ပါတယ်။ ကိုယ့်အတွက် အမြတ်ကျန်ဖို့ကိုပဲကြည့်ပြီး အလုပ်ကို ပြီးပြီးရော လုပ်ဆောင်မယ့်ကန်ထရိုက်မျိုးကို လုပ်ငန်းမအပ်နှံသင့်ပါဘူး။ ဒီလိုကန်ထရိုက်တွေကိုသာ ဆက်ပြီးလုပ်ငန်းအပ်နှံနေမယ်ဆိုရင် ဌာနရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။

အခုချိန်ခါဟာ ဌာနဆိုင်ရာနဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ကာလခေတ်စနစ်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတကလည်း တရားဝင်ပြောဆိုညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကန်ထရိုက်နဲ့ ဌာနဆိုင်ရာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စဉ်းမျဉ်းစဉ်းကမ်းတွေကို သက်ဆိုင်ရာရပ်ကွက်ရဲ့ လမ်းကော်မတီတွေကို ပွင့်လင်းမြင်သာစွာ အသိပေးပြောပြသင့်ပါတယ်။ ဒါမှသာ ပြည်သူလူထုက အရည်အသွေးပြည့်မှီစွာနဲ့ လုပ်ငန်းအလျှင်အမြန်ပြီးမြောက်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။(အခုဆို စည်ပင်က ဘိလပ်မြေ ဘယ်နှအိတ်ချပေးထားလို့ ကန်ထရိုက်က ဘယ်နှအိတ်သုံးသလဲ၊ ဘယ်လောက်ပိုလဲ၊ ပိုတာတွေကို ပြန်အပ်၊ မအပ် ပြည်သူလူထုဖြစ်တဲ့ လမ်းကော်မတီက မသိရပါဘူး။ သဲ၊ ကျောက်မသယ်ပေးလို့ လမ်း ဆက်မခင်းပေးဘူးဆိုတာကလည်း တော်တော်ကို လွန်တယ်လို့ပြောရပါလိမ့်မယ်။နိုင်ငံတော်ရဲ့ စီမံကိန်းကို အကောင်အထည်ဖော်ပေးနေရတဲ့ ကန်ထရိုက်က ပြည်သူကို ဒီလိုအကြပ်ကိုင်လို့ရလား။ ဒါတွေဟာ ဌာနနဲ့ ကန်ထရိုက်တို့ရဲ့ လုပ်ငန်းစာချုပ်ချုပ်ဆိုမှုတွေ ပွင့်လင်းမြင်သာမှုမရှိလို့ပါ။) ဌာနဆိုင်ရာဟာ ပြည်သူလူထုနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေတယ်လို့ အပြုသဘောဆောင် ဝေဖန်ရမှာဖြစ်ပါတယ်။

ဒုတိယတာဝန်ရှိသူက လုပ်ငန်းကြီးကြပ်သူအရာရှိပါပဲ။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းလုပ်ဆောင်နေချိန်မှာ အနီးကပ် ကြီးကြပ်နေရမှာဖြစ်ပါတယ်။ မိမိတာဝန်ယူလုပ်ဆောင်နေတဲ့ လုပ်ငန်းတစ်ခု အရည်အသွေးပြည့်ဝစွာနဲ့ ကောင်းမွန်ခိုင်ခန့်အောင် ကြီးကြပ်ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ ခုတော့ လုပ်ငန်းကြီးကြပ်သူဟာ လုပ်ငန်းခွင်မှာ အချိန်ပြည့် ရှိမနေပါဘူး။ သူလာရောက်စစ်ဆေးချိန်မှာ လမ်းက တချို့တ၀က် ခင်းပြီးနေပါပြီ။ ဘာမှ စစ်ဆေးလို့ မရတော့ပါဘူး။ လာရောက်စစ်ဆေးသူကို ပြသဖို့အတွက် ကန်ထရိုက်က ခင်းပြီးသားလမ်းအဆုံးကနေ နောက်ထပ် ၅ လက်မလောက်ကို ခြောက်လက်မထု ဟန်ပြလောင်းထားတာမျိုးလည်း ရှိနေပါတယ်။ အကျယ် ပေ ၂၀၊ ပေ၄၀ လောက်ကို အထက်ကပြောထားတဲ့အတိုင်း သဲဖို့ခင်းထားပြီးကာမှ အဆုံးနေရာ အကျယ် ၅ လက်မလောက်ကို ခြောက်လက်မထု အပြည့်ခင်းပြထားတာမျိုးပါ။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ကန်ထရိုက်နဲ့ လုပ်ငန်းကြီးကြပ်သူတို့အကြား လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိ၊ မရှိဆိုတာ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။

လက်ရှိမှာသေချာတာကတော့ ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျခံပြီး ခင်းတဲ့လမ်းဟာ အရည်အသွေးပြည့်ဝတဲ့လမ်း မဟုတ်တော့ပါဘူး။ ဒါဟာ ၀န်ထမ်းတွေရဲ့ တာဝန်မကျေပွန်မှုကြောင့်ပါ။ ဒါ့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လုပ်ငန်းလုပ်ဆောင်ချိန်မှာ လုပ်ငန်းခွင်အတွင်း သေချာစွာကြပ်မတ်ပေးဖို့ တိုက်တွန်းလိုပါတယ်။
ဒါမှသာ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးတာကို ကာကွယ်နိုင်ပြီး ပြည်သူတွေအတွက် အကျိုးရှိစေမှာဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။

Thursday, August 1, 2013

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုစည်းမှူးတို့သည်{GSM SIM} များကိုလိမ်လည်ထုတ်ယူမှုများ လိုအပ်သလို အရေးယူပါရန်

0 comments
အထက်အဆင့်အကြီးအကဲများ သိရှိနိုင်ပါရန်နှင့် လိုအပ်သလိုဆက်လက်ဆောင်ရွက်နိုင်ပါရန် ဒီသတင်းကို တင်ပြရခြင်းဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် ကျောသားရင်သားမခွဲခြားပဲ (၉၁)အုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၂၀၀)ကျော်အား၊ကျေးရွာတိုင်းဖွံ့ဖြိုးတိုးတက်ရန်နှင့် သတင်းအချက်အလက်များလွယ်ကူချောမွေ့စေရန်၊စတုတ္ထအကြိမ်အဖြစ်{GSM SIM} ကဒ်များအားတစ်ရွာလျှင်(၃)လုံးနှုန်းဖြစ် အညီအမျှ ချပေးခဲ့ပါသည်။
          သို့သော် ညောင်ဦးမြို့နယ်၊ကမ္ဘားနီကျေးရွာအုပ်စုတွင် ကမ္ဘားနီကျေးရွာ၊ ရေတွင်းညောင်ပင်ကျေးရွာ နှင့် ညောင်ကြီးကျေးရွာဟူ၍ ရွာပေါင်း(၃)ရွာရှိရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သည့် ညောင်ကြီးကျေးရွာမှ ဦးဝင်းဇော်သည် ဖုန်းကဒ်ထုတ်ရန် ကမ္ဘားနီကျေးရွာသို့ အကြောင်းကြားခဲ့ခြင်းမရှိဘဲ ရေတွင်းညောင်ပင်ကျေးရွာ ရာအိမ်မှူး (သို့) ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုစည်းမှူး ဖြစ်သည့် ဦးအောင်ငွေနှင့်ပေါင်း၍ ကမ္ဘားနီကျေးရွာအတွက်ရရှိသော ဖုန်းကဒ်များ  29.7.2013 ရက်နေ့တွင် ကမ္ဘားနီကျေးရွာအနေဖြင့် လိမ်လည်ထုတ်ယူပြီး မိမိတို့သဘောဖြင့်ညောင်ကြီးကျေးရွာ (၅)လုံး၊ရေတွင်းညောင်ပင်ကျေးရွာ(၄)လုံးစသည့်ဖြင့်ခွဲယူကာ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ၊ အာဏာပါဝါနှင့်လုပ်ပိုင်ခွင့်အား အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ ၄င်းပြသနာတွင် အထက်ပါလူကြီးမင်းနှစ်ဦးသည် မြို့နယ်ထွေအုပ်ရုံးသို့ လိမ်လည်မှု၊အာဏာပါဝါနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှုများ ပေါ်လွန်နေပါသဖြင့် လိုအပ်သလိုဆက်လက်ဆောင်ရွက်နိုင်ပါရန် တင်ပြရခြင်းဖြစ်ပါသည်၊

Friday, May 3, 2013

ဒုရဲအုပ်လွင်ဦး

0 comments


အမှတ်(၇) တိုင်းရုံး (သွားလာရေး)၊ မြန်မာ့မီရထား MEC မှ ချမှတ်ထားသော ၈၀၀MHz SIM ကဒ် များ ရောင်းချရာတွင် မသမာ မှု့ များရှိ

0 comments

အမှတ်(၇) တိုင်ရုံး (သွားလာရေး) ၊ မြန်မာ့မီရထား  အတွင်း   ၁၅၀၀  တန် SIM ကဒ်များ အား ချထားပေးလျှက်ရှိရာ  ၀န်းထမ်း  များအား  မဲဖောက်စနစ်ဖြင့် ရောင်းချလျှက်ရှိပါသည်။သို့ပါသော်လည်း
မဲပေါက်သော ၀န်ထမ်းများ မှာ  သတ်မှတ်ထားသော  ဂျူတီများ  ထမ်းဆောင်  ရပါသည်၊ ဂျူတီ ချိန် ပြီးမှသာ
မဲပေါက်သော  ကဒ်များ အား  လာရောက်ထုတ်ယူရပါသည်။သို့သော  အမှတ်(၇) တိုင်းရုံးမှ ၊  ဌာနခွဲစာရေး
မဖြူ  သည်  လာရောက်ထုတ်ယူသော ၀န်ထမ်းများအား  မချေမငံ ဆက်ဆံပြီး၊  SIM ကဒ်တန်ဖိုး  ၁၅၀၀ ကျပ်
အပြင်  စာရွက်စာတမ်းကြေး  ၂၀၀  ကျပ်  နှင့်  မည်သည့်ကြေးမှန်းမသိသော   SIM ကဒ် တစ်ကဒ် လျှင်
၁၀၀၀ ကျပ် အား ပုံသေ  ဖြင့်  ကောက်ခံ နေသည်ကို   အထက်တာဝန်ရှိ  လူကြီးများ အနေဖြင့် မသိရှိတာလား၊  လျစ်လျူ ရှု ထားတာလား  ဆိုတာ  သိချင်ပါသည်။ ထိုပြင်  ဂျူတီ  အားသည် အချိန်မှ
လာရောက်ထုတ်ယူသော  ကဒ်များအား  လည်း  သတ်မှတ်ရက်ကျော်သည် ဟု  ဆိုကာ  ယခု  အချိန်ထိ မထုတ် ပေးသေးပါ။ ထို  ကဒ်များအား  မဖြူ  အနေဖြင့်  ဘာလုပ်မည် ဆိုတာကိုလဲ သိချင်ပါသည်။


မီးရထား ၀န်ထမ်း တစ်ဦး

ကိုယ်ကျိုးကိုအသုံးပြုနေသောအုပ်စုမှူး

0 comments
ပဲခူးတိုင်း(အနောက်ပိုင်း)ပန်းတောင်းမြို့နယ်၊ပဲကြီးကျောင်းအုပ်စုတွင်တာဝန်ယူဆောင်ရွက်နေသောအုပ်စုမှူး ဦးမျိုးနိုင်(အ.မ.က ဒေါင်းတိုက်)သည် ကျောင်းအုပ်စုတွင်း ကျောင်းများ၏ တိုးတက်မှုကိုဆောင်ရွက်မှူအားနည်းပြီး ၊၀န်ထမ်းများ၏ လစာကြေးငွေများကို စည်းဝေးတိုင်ပင်မှုမရှိပဲ ၀န်ထမ်းလစာကြေးငွေများကို စည်းဝေးတိုင်ပင်မှုမရှိပဲ ၀န်ထမ်းလစာများကို မိမိကိုယ်ရေးကိုယ်တာသုံးစွဲရန်အတွက် ၃/၂၀၁၃ လတွင် မြို့နယ်ပညာရေးမှူးနှုတ်မိန့်ညွှန်ကြား ချက်ကို လက်မခံဘဲ မိမိသဘောအတိုင်း ခြိမ်းခြောက်လျက် ဖြတ်တောက်လျက်ရှိပါသည်။
နိုင်ငံတော်(အခြေခံပညာရေးဦးစီးဌာန)မှပံ့ပိုးသော သင်ထောက်ကူများအား ကျောင်းအသီးသီးသို့ မဖြန့်ဝေပဲ ထိန်ကွယ်ကာ ရောင်းစားလျက်ရှိပါသည်။မြို့နယ်ပညာရေးမှူး တင်ပြသော်လည်း အချိန်ရွှေ့ ဆုံးဖြတ်အတည်ပြုပေးခြင်းမရှိခဲ့ပါ။ School Cluster တာဝန်မကျေသောကြောင့် သက်ဆိုင်ရာများသိရှိစေလိုပါသည်။

Saturday, March 9, 2013

စက်မှု(၁)ဌာန လက်အောက်ရှိ (EI) လျှပ်စစ်စစ်ဆေးရေးဝန်ထမ်းများ လုပ်ငန်းရှင်များထံမှ တောင်းရမ်းလာဘ်စားမှုအလွန်များ

1 comments
စက်မှု(၁)လက်အောက်ရှိ လုပ်ငန်းခွဲတစ်ခုဖြစ်သော EI
လျှပ်စစ်လုပ်ငန်းစစ်ဆေးရေးမှ ၀န်ထမ်းဖြစ်သူ အင်ဂျင်နီယာ
ထွန်းအောင်ကျော်နှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ စက်မှုဇုံများ၌ ဖြစ်စေ ၊
ကိုယ်ပိုင်ဖြစ်စေ၊ ထရန်ဖော်မာ တပ်ဆင်ခြင်းလုပ်ငန်းများ ၊
ခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းများ၌ မိခင်ဌာနဖြစ်သော ရန်ကုန်မြို့တော်
လျှပ်စစ်ဓါတ်အားပေးရေးမှ ခွင့်ပြုလက်ခံစစ်ဆေးပြီးသော လုပ်ငန်းများအားလည်း
၎င်းတို့ EI ထံမှ ခွင့်ပြုပြီးမှသာလျှင် လျှပ်စစ်ဓါတ်အား
လွှတ်ခွင့်ရခြင်းကြောင့် 315 KVA တစ်လုံးလျှင် ၃၀၀,၀၀၀ိ/-  500 KVA
တစ်လုံးလျှင် ၅၀၀,၀၀၀ိ/- နှင့် လုပ်ငန်းကြီးလျှင်ကြီးသလောက် ပေးရပါသည်။
မပေး၍ မရအောင်လည်း အလွန်ရစ် ပြဿနာရှာပါသည်။ သို့သော်
လာဘ်ပေးလိုက်မှသာလျှင် အဆင်ပြေချောမွေ့သွားပါသည်။ မီးလွှတ်ခွင့်ကျပါသည်။
စစ်ဆေးခ တရားဝင်မည်မျှပေးသွင်းရသည်ကို မည်သူမျှမသိပါ။ မြန်မာပြည်၌
စစ်ဆေးရေးအဖွဲ့ တဆင့်ပိုသွားတိုင်း တစ်ခါငွေကုန်တတ်ပါသည်။ ၎င်း AE
ထွန်းအောင်ကျော်မှာ မန္တလေး ၊ ရန်ကုန်ရောက်သည့်နေရာတိုင်းတွင်
လုပ်ငန်းရှင် ၁၀၀ လျှင် ၉၉% မှာ ၎င်းအား ငွေကြေးပေးရပါသည်။ ဟုတ်မဟုတ်သည်ကို
ထရန်ဖော်မာ တပ်ဆင်ဖူးသူ လုပ်ငန်းရှင်တိုင်းအား စုံစမ်း၍ ရနိုင်ပါသည်။
ဤလာဘ်ပေးရသော အလေ့အကျင့်မှာ ဆယ်စုနှစ်မကရှိခဲ့ပါသည်။
ဆင်းရဲမှုပပျောက်ရေးဆိုသည်မှာ အလွှာ အဆင့်ဆင့် ပြေလျှော့ သက်သာမှသာလျှင်
အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊
(ဗိုလ်ချုပ်များ ၊ ၀န်ကြီးများနှင့် ပတ်သက်ရာ ပတ်သက်သူများထံမှ
မယူရဲသဖြင့် လာဘ် ကင်းလွတ်ခွင့်ရရှိကြပါသည်။ )

လုပ်ငန်းရှင်တစ်ဦး

Wednesday, January 18, 2012

ရပ်ကွက်ထဲမှ လုပ်စားကွက်များ (တိုင်စာ)

0 comments
ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် မင်္ဂလာလမ်း မင်္ဂလာ တံတားအနီးရှိ အိမ်ခြေများစွာထဲမှ အိမ်ခန်း သုံးခန်းအား (၂၇.၁၂.၂၀၁၁) ရက်နေ့ ည (၁၁.၃၀) နာရီအချိန် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးစိုးဝင်း နှင့် တခြား ရာအိမ်မှူး ဆယ်အိမ်မှူး လေးဦး၊ မီးသတ်တပ်ဖွဲ့ တပ်စုမှူး ဦးသန်းအေးနှင့် တပ်ဖွဲ့ဝင် သုံးဦး စုစုပေါင်း ရှစ်ဦးသည် ရှောင်တခင် ဧည့်စာရင်း ၀င်ရောက်စစ်ဆေးပြီး အခန်းတခန်းလျှင် ဘတ်ငွေ တစ်ထောင် နှုန်းဖြင့် ဒဏ်ငွေကို ချက်ခြင်းပေးဆောင်ရမည်ဟု အတင်းအကျပ် ပြောဆိုတောင်းခံခဲ့ပါသည်။

စစ်ဆေးခံရသည့် အိမ်ခန်းများမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံတွင် ဒဏ်ငွေပေးဆောင်မည်ဟု ပြောသော်လည်း လက်မခံခဲ့ဘဲ ၄င်းတို့အဖွဲ့တွင်သာပေးရန် မပေးပါက ရဲစခန်းသို့ပို့ပြီး အချုပ်ထဲထည့်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ အတင်းအဓမ္မ တောင်းယူသွားခဲ့ရာ အိမ်ခန်း သုံးခန်းမှ မည့်သို့မျှပြောဆိုမရဲဘဲ ပေးလိုက်ရကြောင်း၊ ၄င်းအဖြစ်အပျက်များကို ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တာဝန်ပေးမထား၍ မသိရှိလိုက်ရကြောင်း၊ ယင်းအဖြစ်ပျက်များအား သက်ဆိုင်ရာမှတဆင့် အရေးယူဆောင်ရွက်ပေးပါရန် တင်ပြလိုက်ပါသည်။

ရွာခံတစ်ဦး
ရွှေဟင်္သာရပ်ကွက်၊ ကော့သောင်း