ရွှေပြည်သာမြို့နယ် အမှတ် ၇ ရပ်ကွက် နန်းမြိုင်ပန်းခြံက လမ်းတွေကို အခု ကွန်ကရစ်လမ်းခင်းနေပါတယ်။ နန်းမြိုင်ပန်းခြံမှာ လမ်း ၄လမ်းရှိတဲ့အနက် အခုလက်ရှိမှာတော့ နန်းမြိုင် ၂လမ်းကို ခင်းနေတာဖြစ်ပါတယ်။ လမ်းခင်းထားတာ လေး၊ ငါးရက်ပဲရှိသေးတယ်။ ဒီမနက်မှာ လမ်းကပေါက်နေပါပြီ။ ခွေးနင်းလို့ ကျွံပြီးပေါက်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေကတော့ ပြောနေကြပါတယ်။ ဒါနဲ့ ကိုယ်တိုင်သွားပြီး တိုင်းထွာကြည့်တော့ လမ်းကွန်ကရစ်ထုဟာ လက်မ၀က်လောက်ပဲရှိတာ တွေ့ရပြီး လက်ညှိုးနဲ့နှိုက်သမျှ သဲတွေထွက်လာပါတယ်။
အမှန်တကယ်ခင်းရမယ့်ကွန်ကရစ်ထုက ခြောက်လက်မပါ။
လမ်းခင်းဖို့ကုန်ကျစရိတ်ကို မြို့နယ်စည်ပင်သာယာရေးဌာနကကျခံပြီး လမ်းခင်းလုပ်ငန်းကိုတော့ ကန်ထရိုက်ငှားရမ်းလုပ်ကိုင်စေတယ်လို့ သိရပါတယ်။ လမ်းကို ၆ လက်မထုနဲ့ ၁၂ ပေအကျယ် ခင်းပေးရမှာဖြစ်ပြီး ကုန်ကျစရိတ်ကို စည်ပင်သာယာဌာနက ကန်ထရိုက်ကိုပေးချေထားတယ်လို့လည်း သိရပါတယ်။
ကန်ထရိုက်အဖွဲ့ဟာ တနေ့ကို ပေ၂၀၊ ပေ၄၀နှုန်းလောက်နဲ့ခင်းနေတာဖြစ်ပါတယ်။ ကန်ထရိုက်အလုပ်သမားတွေဟာ မဆလာဖျော်စက်နားကို သဲ၊ ကျောက်ပုံပေးမှ အလုပ်လုပ်ပြီး သဲ၊ ကျောက်ကုန်သွားရင် အလုပ်ဆက်မလုပ်တော့ပါဘူး။ (ဒီကိစ္စတွေအတွက် စည်ပင်နဲ့ ကန်ထရိုက် ဘယ်လိုစာချုပ် ချုပ်ဆိုထားတယ်ဆိုတာ ရပ်ကွက်လမ်းဖြစ်မြောက်ရေးကော်မတီက မသိဘူးလို့ဆိုပါတယ်။) ဒီအတွက် ရပ်ကွက်လမ်းဖြစ်မြောက်ရေးကော်မတီက ရပ်ကွက်နေပြည်သူတွေဆီကကောက်ခံထားတဲ့ ရန်ပုံငွေနဲ့ သဲသယ်၊ ကျောက်သယ် အလုပ်ကြမ်းသမားတွေကို သပ်သပ် ထပ်ငှားပေးနေရပါတယ်။ ဒါ့အပြင် ပန်းခြံကွက်မှာနေထိုင်တဲ့ ပြည်သူအချို့ကလည်း လမ်းခင်းကုသိုလ်လိုချင်လို့ ၀ိုင်းဝန်းလုပ်အားပေးတာတွေလည်းရှိပါတယ်။ ဒါကလမ်းခင်းလုပ်ငန်း လုပ်ဆောင်တဲ့အပိုင်းမှာ ရပ်ကွက်ပြည်သူတွေက ပံ့ပိုးပေးတာပါ။
အလုပ်သမားတွေစားသောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပန်းခြံဓမ္မာရုံမှာ ချက်ပြုတ်ကျွေးတာဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်ကို ပြည်သူတွေဆီကကောက်ခံထားတဲ့ပိုက်ဆံနဲ့ အသုံးပြုတာဖြစ်ပါတယ်။ (ကျွန်တော်တို့ပန်းခြံက တစ်အိမ် ခြောက်သောင်းပေးထားရပါတယ်။) ဒါ့အပြင် အလုပ်လုပ်နေချိန်မှာလည်း အိမ်တွေကနေ မုန့်၊ သောက်ရေ၊ ဖျော်ရည် စသဖြင့် ဧည့်ခံကြပါသေးတယ်။
ပြည်သူက ဒီလောက်အထိ ဖြည့်ဆီးပံ့ပိုးပေးနေတာတောင် ကန်ထရိုက်အဖွဲ့ဟာ လုပ်ငန်းလုပ်ဆောင်ရာမှာ စေတနာမပါဘဲ ပြီးပြီးရော လုပ်ဆောင်နေပါတယ်။ ကွန်ကရစ်မလောင်းခင် အောက်ခြေမှာ သဲတွေဖို့ပြီး အပေါ်ကနေကွန်ကရစ်နည်းနည်းပဲ ခင်းတာပါ။ လမ်းရဲ့ဘေးအစွန်နှစ်ဘက်နားမှာပဲ ကွန်ကရစ်ထုအပြည့်ထားပြီး အလယ်မှာ သဲတွေဖို့ထားပါတယ်။ ကျွန်တော်လေ့လာခဲ့သလောက်ဆိုရင် ရပ်ကွက်ထဲက ကွန်ကရစ်လမ်းအများစုကို အဲ့ဒီလို ပုံစံမျိုးနဲ့ပဲ ခင်းနေကြတာဖြစ်ပါတယ်။ ၇ရပ်ကွက် န၀ရတ်လမ်းမကြီးဆိုရင်လည်း ကိုးလက်မထု အပြည့်မရှိပါဘူး။ ကွန်ကရစ်ထုဟာ သုံးလက်မ ၀န်းကျင်ပဲရှိမှာပါ။ အောက်ပိုင်းက သဲတွေပဲ ဖြည့်ထားတာပါ။
ဒီလမ်းတွေဟာ ဘယ်လိုမှ ရေရှည်မခံနိုင်ပါဘူး။ ခင်းပြီးကာစ ခဏပဲကောင်းပြီး လေး၊ ငါးလကြာရင် ပြန်ပျက်တာပါပဲ။ ပြည်သူ့ဘဏ္ဍာငွေနဲ့ ခင်းတဲ့လမ်းကို ပြည်သူတွေ အချိန်ကာလ အပြည့်အ၀မသုံးစွဲလိုက်ရပါဘူး။
ဒီကိစ္စတွေမှာ အဓိကတာဝန်ရှိတာ စည်ပင်သာယာရေးဌာနပါပဲ။ သက်ဆိုင်ရာတာဝန်ရှိသူဟာ လုပ်ငန်းလုပ်ကိုင်မဲ့ ကန်ထရိုက်ကို လက်သင့်ရာစားတော်ခေါ်တာမျိုးမဟုတ်ဘဲ အမှန်တကယ်လုပ်ကိုင်နိုင်မယ့်သူကို တာဝန်ယူမှု၊ တာဝန်ခံစေမှုနဲ့သာ လုပ်ငန်းအပ်နှံသင့်ပါတယ်။ ဒီအတွက် ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူသင့်ပါတယ်။ အခုတော့ ဘယ်လို ကန်ထရိုက်မျိုးကို ဘယ်လိုစံနဲ့ရွေးချယ်ပြီး လုပ်ငန်းအပ်နှံသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ လမ်းအကျယ်၊ ထု၊ ခံနိုင်ရည်၊ နှစ်ကာလအကန့်အသတ်နဲ့ စာချုပ် ချုပ်ဆိုရမှာဖြစ်ပြီး ပျက်ဆီးမှုတွေအတွက်ကိုလည်း ကန်ထရိုက်ကို တာဝန်ယူ၊ တာဝန်ခံစေရမှာဖြစ်ပါတယ်။ ကိုယ့်အတွက် အမြတ်ကျန်ဖို့ကိုပဲကြည့်ပြီး အလုပ်ကို ပြီးပြီးရော လုပ်ဆောင်မယ့်ကန်ထရိုက်မျိုးကို လုပ်ငန်းမအပ်နှံသင့်ပါဘူး။ ဒီလိုကန်ထရိုက်တွေကိုသာ ဆက်ပြီးလုပ်ငန်းအပ်နှံနေမယ်ဆိုရင် ဌာနရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။
အခုချိန်ခါဟာ ဌာနဆိုင်ရာနဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ကာလခေတ်စနစ်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတကလည်း တရားဝင်ပြောဆိုညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကန်ထရိုက်နဲ့ ဌာနဆိုင်ရာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စဉ်းမျဉ်းစဉ်းကမ်းတွေကို သက်ဆိုင်ရာရပ်ကွက်ရဲ့ လမ်းကော်မတီတွေကို ပွင့်လင်းမြင်သာစွာ အသိပေးပြောပြသင့်ပါတယ်။ ဒါမှသာ ပြည်သူလူထုက အရည်အသွေးပြည့်မှီစွာနဲ့ လုပ်ငန်းအလျှင်အမြန်ပြီးမြောက်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။(အခုဆို စည်ပင်က ဘိလပ်မြေ ဘယ်နှအိတ်ချပေးထားလို့ ကန်ထရိုက်က ဘယ်နှအိတ်သုံးသလဲ၊ ဘယ်လောက်ပိုလဲ၊ ပိုတာတွေကို ပြန်အပ်၊ မအပ် ပြည်သူလူထုဖြစ်တဲ့ လမ်းကော်မတီက မသိရပါဘူး။ သဲ၊ ကျောက်မသယ်ပေးလို့ လမ်း ဆက်မခင်းပေးဘူးဆိုတာကလည်း တော်တော်ကို လွန်တယ်လို့ပြောရပါလိမ့်မယ်။နိုင်ငံတော်ရဲ့ စီမံကိန်းကို အကောင်အထည်ဖော်ပေးနေရတဲ့ ကန်ထရိုက်က ပြည်သူကို ဒီလိုအကြပ်ကိုင်လို့ရလား။ ဒါတွေဟာ ဌာနနဲ့ ကန်ထရိုက်တို့ရဲ့ လုပ်ငန်းစာချုပ်ချုပ်ဆိုမှုတွေ ပွင့်လင်းမြင်သာမှုမရှိလို့ပါ။) ဌာနဆိုင်ရာဟာ ပြည်သူလူထုနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေတယ်လို့ အပြုသဘောဆောင် ဝေဖန်ရမှာဖြစ်ပါတယ်။
ဒုတိယတာဝန်ရှိသူက လုပ်ငန်းကြီးကြပ်သူအရာရှိပါပဲ။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းလုပ်ဆောင်နေချိန်မှာ အနီးကပ် ကြီးကြပ်နေရမှာဖြစ်ပါတယ်။ မိမိတာဝန်ယူလုပ်ဆောင်နေတဲ့ လုပ်ငန်းတစ်ခု အရည်အသွေးပြည့်ဝစွာနဲ့ ကောင်းမွန်ခိုင်ခန့်အောင် ကြီးကြပ်ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ ခုတော့ လုပ်ငန်းကြီးကြပ်သူဟာ လုပ်ငန်းခွင်မှာ အချိန်ပြည့် ရှိမနေပါဘူး။ သူလာရောက်စစ်ဆေးချိန်မှာ လမ်းက တချို့တ၀က် ခင်းပြီးနေပါပြီ။ ဘာမှ စစ်ဆေးလို့ မရတော့ပါဘူး။ လာရောက်စစ်ဆေးသူကို ပြသဖို့အတွက် ကန်ထရိုက်က ခင်းပြီးသားလမ်းအဆုံးကနေ နောက်ထပ် ၅ လက်မလောက်ကို ခြောက်လက်မထု ဟန်ပြလောင်းထားတာမျိုးလည်း ရှိနေပါတယ်။ အကျယ် ပေ ၂၀၊ ပေ၄၀ လောက်ကို အထက်ကပြောထားတဲ့အတိုင်း သဲဖို့ခင်းထားပြီးကာမှ အဆုံးနေရာ အကျယ် ၅ လက်မလောက်ကို ခြောက်လက်မထု အပြည့်ခင်းပြထားတာမျိုးပါ။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ကန်ထရိုက်နဲ့ လုပ်ငန်းကြီးကြပ်သူတို့အကြား လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိ၊ မရှိဆိုတာ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။
လက်ရှိမှာသေချာတာကတော့ ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျခံပြီး ခင်းတဲ့လမ်းဟာ အရည်အသွေးပြည့်ဝတဲ့လမ်း မဟုတ်တော့ပါဘူး။ ဒါဟာ ၀န်ထမ်းတွေရဲ့ တာဝန်မကျေပွန်မှုကြောင့်ပါ။ ဒါ့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လုပ်ငန်းလုပ်ဆောင်ချိန်မှာ လုပ်ငန်းခွင်အတွင်း သေချာစွာကြပ်မတ်ပေးဖို့ တိုက်တွန်းလိုပါတယ်။
ဒါမှသာ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးတာကို ကာကွယ်နိုင်ပြီး ပြည်သူတွေအတွက် အကျိုးရှိစေမှာဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။
0 comments:
Post a Comment