Thursday, August 14, 2014

လူမျိုးရေးအရ ခွဲခြားဆက်ဆံသူ ဒုရဲအုပ်မြင့်ဇော်ကို အရေးယူပေးပါ (တိုင်စာ)

1 comments
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် တာဝန်ကျနေသောမြို့နယ်ရဲစခန်းမှူး ဒုရဲအုပ်မြင့်ဇော်သည် ချင်းလူမျိုးများအပေါ် မှိုချိုးမျှစ်ချိုးပြောဆိုလေ့ရှိသည်ကို ဒေသခံချင်းလူမျိုးများက မကြေမနပ်ဖြစ်နေကြသည်။ မြို့နယ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒေသခံချင်းအမျိုးသားများ၏ သာရေးနာရေးကိစ္စအတွက် ခွင့်တိုင်ခြင်းတွင် ‘မင်းတို့ချင်းတွေ အကုန်မသေကြသေးဘူးလား’ ဟု လူမျိုးရေးအရ အမြဲ ဆဲရေး တိုင်ထွာပြုလျက်ရှိသည်။ မနက်တိုင်းတန်းစီချိန်တွင်လည်း ‘မင်းတို့က ရိုးရာခေါင်ရည်ဆိုလား၊ ရိုးရာစားစရာဆိုလား၊ မင်းတို့ရဲ့အစား အသောက်တွေဟာ ၀က်တောင်စားချင်မှာမဟုတ်ဘူး’ ဟု ပြောဆို လေ့ရှိသည်။ ယနေ့ ဦးသိန်းစိန်အစိုးရမှ ဖောက်လုပ်နေသော လောကပါလတရားနှင့်ပြည့်စုံသော ဒီမိုကရေစီလမ်းကြောင်းကို ဒုရဲအုပ်မြင့်ဇော် လိုလူစားမျိုးက တဖက်တလမ်းက ဖြိုဖျက်နေသည်မှာ သေချာလှပါသည်။
ဒေသခံလူငယ်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများကလည်း အဆိုပါ ဒုရဲအုပ်မြင့်ဇော်ကို မကြေ မနပ်ဖြစ်နေကြပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ လူကြီးများထံ သိသာစေရန် တိုင်ကြားအပ်ပါသည်။


ဆလိုင်းကေးပါးမီ၊ မင်းတပ်မြို့