Showing posts with label ၈၈ ကျောင်းသားများသို့ အိတ်ဖွင့်ပေးစာ. Show all posts
Showing posts with label ၈၈ ကျောင်းသားများသို့ အိတ်ဖွင့်ပေးစာ. Show all posts

Tuesday, August 6, 2013

၈၈ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ များပြားသော်လည်း ယနေ့ အခါ လက်တဆုတ်စာလူနည်းစုကသာ အကျိုးခံစားနေရ

2 comments



ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၂၅ နှစ် ပြည့်ပြီဖြစ်သည်။ အရေးတော်ပုံကာလ လှုပ်ရှားမှု ဓာတ်ပုံအများအပြားကို တွင်တွင်ကျယ်ကျယ် ဖြန့်ဝေနေသူများရှိသကဲ့သို့ ပြန်လည် ဝေငှသူများရှိသဖြင့် အင်တာနက် စာမျက်နှာများနှင့် Social Network များတွင် ၎င်း တို့၏ ဓာတ်ပုံများနှင့် ပြည့်နှပ်နေပြီဖြစ်သည်။ အချို့ဓာတ်ပုံများတွင် ကျောင်းသားအချို့ ဆန္ဒပြနေကြသည်၊ အချို့ဓာတ်ပုံများတွင် အရပ်သားအချို့ အော်ဟစ်နေကြသည်၊ အချို့ဓာတ်ပုံများတွင် ဝန်ထမ်းအချို့ တန်းစီလှည့်လည်နေကြသည်။ ဓာတ်ပုံ တွေ များပြားသလောက် ဓာတ်ပုံတွင်းမှ လူများ၏ မျက်နှာမှာ တစ်ပုံနှင့် တစ်ပုံ မထပ်။ လူအင်အားမနည်းလှပေ။ လူအင်အား အလွန်များကြောင်း နှင့် ၎င်းတို့ နှင့်အတူ လက်တွဲခဲ့ကြောင်း ကိုလည်း ယနေ့ လှုပ်ရှားနေသူများက အများသိအောင် ပြောဆိုလျှက်ရှိသည်။ အများရန်ကုန်တစ်မြို့တည်းမှာပင် လူအင်အား သိန်းနှင့်ချီကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ပြောဆိုသည်။ သို့သော် ယခု ၂၅ နှစ်ပြည့်မြောက်ချိန် တွင် အခွင့်ထူးခံ လူတစ်စုကသာ ၎င်းတို့ နေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားကြီးကို ကျင်းပက ငွေကြေး သိန်း ၉၀၀ ကျော်ကို ရရှိသွားကြသည်။ ဓာတ်ပုံပေါင်းများစွာအတွင်းမှ ကျောင်းသားများ၊ အရပ်သားများ၊ ဆန္ဒပြသူများ ဘယ်ကိုရောက်ကုန်သနည်း? ယနေ့ လူ လက်တဆုတ်စာဖြင့် နာမည်ခံကျင်းပနေသူ အများအပြားသည် လှုပ်ရှားမှု ဓာတ်ပုံများတွင် မတွေ့ရသည်မှာ အလွန် စိတ်မကောင်းစရာဖြစ်သည်။ မိုးထဲရေထဲ ဆန္ဒတွေ ပြခဲ့ကြသည်၊ ဒီမိုကရေစီရရှိဖို့ အသံကုန် အော်ဟစ်ပြီး လမ်းတွေ လျှောက်ခဲ့ရသည်၊ ရဲစခန်းများကို အတူမီးရှို့ခဲ့ကြသည်၊ လိုက်ဖမ်းတော့ ထွက်ပြေးခဲ့ကြသည်၊ နောက်ဆုံးအိမ်ပြန်မရတော့ တောခိုခဲ့ကြသည်။ လူအင်အားက ကျောင်းသားနဲ့တင် ထောင်နှင့်ချီသည်။ တောထဲတွင် ဒုက္ခမျိုးစုံ ခံစားရသည်။ ဆင်းရဲမှုများစွာ ခံစားရသည်။ အခု ၈၈ မျိုးဆက်ဆိုပြီး နာမည်ခံကာ ငွေရတုပွဲကျင်းပချိန်တွင် လူဦးရေက ၁၀ ဂဏာန်းသာရှိသည်။ အဆိုပါ လူ ၁၀၀ မပြည့်တဲ့ လူတွေကပဲ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖန်တီးခဲ့သလိုလို၊ ဦးဆောင်ခဲ့သလိုလို ပြောကြသည်။ ထိုစဉ်က ဆန္ဒပြသူအားလုံးသည် ကိုယ့်သဘောနဲ့ကိုယ် ဆန္ဒပြကြခြင်းသာဖြစ်သည်။ မင်းကိုနိုင်ကြောင့် မဟုတ်၊ ကိုကိုကြီးကြောင့် မဟုတ်သလို မိုးသီးဇွန် ဦးဆောင်လို့ ပြသူ ဟူ၍ တစ်ဦးတစ်ယောက်မှ မရှိ။ သို့သော် ယခုအခါ ၎င်းတို့က စင်ပေါ်တက် ပြီး ငွေတွေ ဖောဖောသီသီ ပိုက်ကာ ထိုင်နေကြသည်။ အမှန်တကယ် လှုပ်ရှားခဲ့ပြီး ယခုထိ အကျိုးအမြတ်မခံစားရသူများက ဒုနှင့်ဒေး။ လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူများက စင်ပေါ်တက်ကာ ဂုဏ်ယူဝင့်ကြွားစွာ လက်မမထောင်သော်လည်း ရှစ်လေးလုံးအရေးတော်ပုံတွင် တက်တဆုတ်စာလူနည်းစုမှ စင်ပေါ်တက်ကာ စကားကြီး စကားကျယ်တွေပြောဆိုနေမှုအပေါ် ရှစ်လေးလုံးတွင် ပါဝင်ခဲ့ဖူးသူ တစ်ဦးအနေဖြင့် များစွာ စိတ်ပျက်မိပါသည်။