Sunday, March 17, 2013

လယ်ယာမြေ၊ ရွှေထွက်မြေနှင့် ဘုရားတည်မည့်မြေများပါမကျန် သိမ်းယူနေသည့် ၀န်ကြီးချုပ်(တိုင်စာ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ အောင်ပင်လယ်ကန်ရိုးထိပ်တွင် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်သစ်ကြီး ဆောက်လုပ်ပြီးစီး၍ လုပ်ငန်းများစတင်လည်ပတ်နေပြီဖြစ်ပါသည်။

          မန္တလေးမြို့တော်ကြီးမှာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တည်ဆောက်ခြင်းမှာ မဆန်းပါ။ အဲဒီဟိုတယ်ကြီး ဘယ်လိုဖြစ်လာသလဲ၊ ဘယ်သူတွေနဲ့ဆက်နွယ်နေလဲဆိုတာက ဆန်းကြယ်ပါသည်။

          ၎င်းဟိုတယ် ဆောက်လုပ်ထားသည့်မြေမှာ ယခင်က တောင်သူလယ်သများများ၏ စိုက်ပျိုးမြေများဖြစ်ပြီး ထိုနေရာကို ယခင် လ.ပ.ခ တိုင်းမှူး ဗိုလ်ချုပ်ကြီး ရဲမြင့်မှ စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်ရန် သတ်မှတ်လျာထားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ရဲမြင့် ပြောင်းရွှေ့သွားသောအခါ ယခု လက်ရှိ ၀န်ကြီးချုပ်တာဝန်ယူ ထားသူ ဗိုလ်ချုပ် ရဲမြင့်က လ.ပ.ခ တိုင်းမှူးဖြစ်လာပါသည်။ တိုင်းမှူးဖြစ်လာသောအခါ ဘုရားမတည်ဖြစ်လိုက် သော မြေနေရာရှိကြောင်းသိရှိသွားပြီး ၎င်း၏ လူယုံတပည့်ရင်း ဦးသိန်းတန် (ရွှေပြည်သာ ကျောက်မျက်ကုမ္ပဏီ) နှင့် ပူးပေါင်း၍ ၎င်းလယ်မြေများအား ရယူပြီး ဟိုတယ်ဆောက်လိုက်သည်။

          နောက်တစ်ခုက ရွှေထွက်သည့်မြေများကိစ္စဖြစ်ပါသည်။ ၀န်ကြီးချုပ် ဦးရဲမြင့်သည် သပိတ်ကျင်းမြို့နယ် အတွင်းရှိ ရွှေထွက်ရှိရာ ရွှေတောမှ မြေကွက်များကို ဦးသိန်းတန်(ရွှေပြည်သာ ကျောက်မျက်ကုမ္ပဏီ)နှင့် ပူးပေါင်း၍ လိုက်လံသိမ်းဆည်းပြီးနောက် ၎င်း၏သားဖြစ်သူ ဗိုလ်ကြီး နိုင်လင်းအောင်အား တပ်မတော်မှထွက် စေလျက် အဆိုပါရွှေတောများကို ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်စေလျက်ရှိသည်မှာ ယခုတိုင်အောင်ဖြစ်ပါသည်။

          မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် လယ်ယာမြေ၊ ရွှေတောမြေများသာမက ယခင် တိုင်းမှူး ဘ၀တုန်းက ဒူးကြားမြေကိုလည်း သိမ်းယူခဲ့ဖူးသေးသည်။ ဖြစ်ပုံမှာ ၎င်းလက်ရှိပိုင်ဆိုင်နေထိုင်သော ဗိုလ်ချုပ်ရွာ ရှိ မြေကွက်တွင် ဒူးကြားမြေ (၁၂)ပေအား အုတ်တံတိုင်းခတ်ကာရံ၍ သိမ်းယူခဲ့သည်။ ယခု ၀န်ကြီးချုပ်ဘ၀တွင် လည်း မန္တလေးမြို့ ၆၄ လမ်းနှင့် ၃၈ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် အပိုင်း(၂)ရှိ ၎င်းပိုင် မြေကွက် (၂)ကွက်တွဲနှင့် ကပ်လျက်ရှိသော မြေကွက် (၂)ကွက်တွဲအား ၀ယ်ယူကာ ၎င်းမြေကွက်ကြားရှိ ဒူးကြား လမ်း မြေ (၁၂)ပေအား အုတ်တံတိုင်းခတ်သိမ်းယူပြီး တရားဝင်ဂရန်ရရှိအောင် မန္တလေးစည်ပင်သို့ညွှန်ကြား ခိုင်းစေခဲသည်။ မြေကွက် (၄)ကွက်တွဲကို ၀န်ကြီးချုပ်၏သမီး ဒေါ်ဖြိုးမင်းသူ အမည်ပေါက် ဂရန်ဖြစ်အောင် အာဏာကိုအလွဲသုံးစားပြုလုပ်လျက် ရယူထားရှိခဲ့သည်။

          ဒူးကြားမြေများကိုသိမ်းယူစဉ်က လျှို့ဝှက်စွာလုပ်ကိုင်ခဲ့သော်လည်း လျှို့ဝှက်ချက်ပေါက်ကြားသွား ချိန်တွင် ၀န်ကြီးချုပ်မှာ လွန်စွာဒေါသထွက်ပြီး မန္တလေးစည်ပင်မှဝမ်းထမ်းများကြောင့်ဟုစွပ်စွဲကာ စည်ပင်ဝန်ထမ်း (၂၀)ကျော်ကို နေရာပြောင်းရွှေ့ခြင်း အငြိမ်းစားယူစေခြင်းများ ပြုလုပ်အရေးယူခဲ့ပါသည်။ အရေးယူခံခဲ့ရသော ၀န်ထမ်းများမှာ မျက်ရည်မဆည်နိုင်အောင်ပင် စိတ်ထိခိုက်ခံစားခဲ့ကြရပါသည်။

ဆိုပါ ဒူးကြားလမ်းများမှာ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးလက်ထက်မှစ၍ အင်္ဂလိပ် အစိုးရနှင့် ယခင်အစိုးရ အဆက်ဆက်အထိ အမှိုက်သိမ်းကားများဝင်ရန်၊ အရေးပေါ် မီးသတ်ကားများဝင်နိုင်ရန်  သတ်မှတ်ပြုလုပ်ပေးထားသော လမ်းကြားများဖြစ်ပါသည်။ ယခု ဒူးကြားမြေမရှိတော့သဖြင့် အရေးပေါ်ကိစ္စများ ဖြစ်ပွားလာပါက မည်သို့မျှဖြေရှင်းဆောင်ရွက်နိုင်တော့မည်မဟုတ်ပါ။

          ဤကိစ္စများကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံ အကျိုးအကြောင်းများဖြင့် တင်ပြခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်ဟုမသိရပဲ ၀န်ကြီးချုပ်မှာ ယခုထိအရေးယူခံရခြင်းမရှိခဲ့ပါ။ ၀န်ကြီးချုပ်၏ ဥပဒေမဲ့ ဆောင်ရွက်ချက်၊ အာဏာအလွဲသုံးစားလုပ်၍ ဖိနှိပ်မှုများကို လက်မခံနိုင်ကြသူများက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ တိုင်ကြားစာနှင့်အသနားခံစာကော်မတီများ သို့ စာရေးတင်ပြထားကြပါသည်။

အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သော ၀န်ကြီးချုပ် ဦးရဲမြင့်၏ အာဏာရှင်ဆန်ဆန် ပြုလုပ်နေမှုများကို မန္တလေး မြို့နေ ပြည်သူများ၊ စည်ပင်သာယာမှဝန်ထမ်းအားလုံးလည်း သိရှိကြပြီးဖြစ်သလို တစ်နိုင်ငံလုံးရှိပြည်သူများလည်း ဥပဒေအပေါ်တက်ထိုင်ပြီး အာဏာအလွဲသုံးစား ပြုမူလျက်ရှိသော မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် အကြောင်းကို သိရှိနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment