Monday, September 2, 2013

သမ္မတကြီးထံပေးစာ

သို့

          ဦးသိန်းစိန်

          နိုင်ငံတော်သမ္မတ

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်

အကြောင်းအရာ။         အာဏာ/ရာထူးပိုင်ရှင်များမှ ကိုယ်တိုင်နှင့် မိသားစုကြွယ်ဝချမ်းသာရေး ဆောင်ရွက် နေကြပုံများအား တင်ပြခြင်း

သမ္မတကြီးခင်ဗျာ

၁။       မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၏ လုပ်ကိုင်ဆောင်ရွက်နေပုံများမှာ ပြည်သူ့အတွက်လား၊ သူနဲ့ သူ့မိသားစုအတွက်လားဆိုသည်ကို လေ့လာကြည့်ရှုစေလိုပါသည်။ ပြည်သူတွေအနေဖြင့် စနစ်တွေ ဘယ်လိုပြောင်းပြောင်း ဘာကိုမျှမျှော်လင့်စရာမရှိဘဲ မျှော်တလင့်လင့်ဖြင့်သာ ရက်၊ လ၊ နှစ်များ ကုန်ဆုံးနေရ ပါသည်။ သမ္မတကြီးက ပြည်သူအတွက် ပြည်သူကိုဗဟိုပြုကြပါ၊ ပြည်သူ့ဘ၀တိုးတက်အောင် လုပ်ပေးကြပါ၊ အာဏာနှင့် ရာထူးသည် ပြည်သူတွေအတွက် လုပ်ပေးဖို့ဖြစ်တယ်လို့ လမ်းညွှန်နေသော်လည်း အောက်ခြေ ၀န်ထမ်းများကိုမဆိုထားနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်များကပင် လုံးဝ မလိုက်နာကြပါ။ လောဘ၊ မောဟ ဖုံးလွှမ်းလွန်းနေ၍လား ဟူ၍ ယူဆစရာဖြစ်နေပါသည်။

၂။       နောက် (၅)နှစ်သက်တမ်းတွင် ယခုလိုရာထူး/အာဏာ ရမည်၊ မရမည်မသေချာ၍ လသာတုန်းဗိုင်းငင်၊ အချိန်ရှိခိုက်လုံ့လစိုက်ဆိုသည့်အတိုင်း မန္တလေးတောင်ခြေဂေါက်ကွင်းကို AK ဦးအေးကိုအား ၂၀၁၈ ခုနှစ်ထိ ငှားရမ်းထားရမည်ဖြစ်သည်ကို ထိုအချိန်အထိ မစောင့်နိုင်တော့ဘဲ အခွင့်အရေး အရယူလိုစိတ်ဖြင့် ဦးဖီလစ် ('၀' အဖွဲ့၊ ဟုန်ပန်းအဖွဲ့)ကို လွှဲပြောင်းလက်ခံစေခဲ့ပါသည်။ AK ဦးအေးကို၏အဖွဲ့တွင် ဦးရဲမြင့်၏သား နိုင်လင်းမောင် ပါဝင်ခွင့်မ၍ ဖိအားပေးပြီး အချိန်မစေ့မီ အာဏာသုံး၍ လွှဲပြောင်းရယူလိုက်ပါသည်။ ဦးအေးကို မှာ ဂေါက်ကွင်းတွင် ဆောက်လုပ်ဆဲလုပ်ငန်းများပင် မပြီးသေးသော်လည်း ကြောက်လန့်မှုကြောင့်သာ လွှဲပြောင်း ပေးခဲ့ရပါသည်။ လုံးဝကြေနပ်ခြင်းမရှိပါ။

၃။       ဂေါက်ကွင်းမှာ စည်ပင်ပိုင်ဖြစ်၍ ဦးအေးကိုနှင့်အတူ ရှယ်ယာပါဝင်ပါသည်။ ယခင်က MIC ခွင့်ပြုချက်ဖြင့် ဦးအေးကို လုပ်ကိုင်ခွင့်ရခဲ့သော်လည်း ယခု ဦးရဲမြင့်၏အာဏာဖြင့် လွှဲပေးခဲ့ရပါသည်။ MIC မတင်ပါ။ ရာထူး၊ အာဏာတန်ခိုးဖြင့် "ဟုန်ပန်းကုမ္ပဏီလက်သို့ ရောက်စေသတည်း" ဖြစ်ခဲ့ရပါသည်။

၎။       ထို့ထက်ပိုတာများ ရှိပါသေးသည်။ Convention Center ဆောက်လုပ်ရေးတွင် ရွှေတောင်အဖွဲ့၊ Ultra၊ အောင်မြင်သူဆောက်လုပ်ရေးအဖွဲ့တို့က နိုင်ငံတော်အတွက် အကျိုးခွဲဝေမှုပိုပေးအောင်လည်း ဦးရဲမြင့်သမီး ရှယ်ယာပါသော နယူးစတားလိုက်အဖွဲ့ကို ခွင့်ပြုလိုက်သည်။ နယူးစတားမှာ အာဂုံ (ခ) ကျော်ကျော်ဝင်းဖြစ် သည်။ အာဂုံမှာ တရုတ်လူမျိုးဖြစ်ပါသည်။ အလွန်နာမည်ကြီးပါသည်။ လူတိုင်းလည်းသိပါသည်။ ၀န်ကြီးချုပ်က လုပ်ငန်းပေါင်းများစွာ ခွင့်ပြုပေးထား၍လည်းကောင်း၊ မြေကွက်ပေါင်းများစွာပေးထားခြင်း၊ လုပ်ပိုင်ခွင့် လန-၃၀ (က) နှင့် (ခ)ကို လွယ်လွယ်ကူကူပေးခံရခြင်းကြောင့် အာဂုံသည် အရေးပါနေပါသည်။ ကိစ္စကြီးငယ်ရှိ၍ ဦးရဲမြင့်ထံ ချဉ်းကပ်ပြောစရာရှိပါက အာဂုံကိုအားကိုးလျှင် အားလုံးပြီးပါသည်။ တရုတ်လူမျိုးက အရေးပါပြီး တွင်ကျယ်နေသည်။ ရှေ့တန်းရောက်နေပါသဖြင့် မြန်မာလူမျိုးများ ရင်ထုမနာ ဖြစ်ကြရပါသည်။

သမ္မတကြီးခင်ဗျာ

၅။       ၀န်ကြီးချုပ် ဦးရဲမြင့်၏ လုပ်ကိုင်ဆောင်ရွက်နေပုံများကို စုံစမ်းကြည့်ပါက ယခုထက်ပိုကြောင်း တွေ့ရမည် ဖြစ်ပါသည်။ သမ္မတကြီး ဘာပြောနေနေ မလိုက်နာပါ။ အကျင့်မပြောင်းပါ။ လာဘ်ပေး၊ လာဘ်ယူ နှင့် ငါ့အတွက် ငါ့မိသားစု ငါ့ဆွေမျိုးအတွက်က ပိုလို့တောင်လွန်ကဲလျက်ရှိပါသည်။ ထို့ထက်ပိုဆိုးသည်မှာ မြန်မာတွေချမ်းသာအောင် လူတန်းစေ့နေနိုင်အောင် လုပ်ပေးရမည့်အစား တရုတ်တွေပဲ ပိုလို့ချမ်းသာအောင် လုပ်နေပါသည်။ မန်းမြို့သည် ရတနာပုံမဟုတ်တော့ဘဲ "တရုတ်ပုံမြို့တော်" ဖြစ်နေ၍ သမ္မတကြီး ကယ်တော် မူပါလို့ အော်လိုက်၍ တင်ပြပါရစေခင်ဗျား။

 

 

                                                                                     စည်ပင်ဝန်ထမ်းများ

မိတ္တူ

          သူရ ဦးရွှေမန်း၊ နာယက၊ ပြည်ထောင်စုလွှတ်တော်

          ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးကော်မတီ၊ နေပြည်တော်

          ဗိုလ်ချုပ်ကြီး ကိုကို၊ ပြည်ထဲရေးဝန်ကြီး၊ နေပြည်တော်

          ဦးစိုးသိမ်း၊ သမ္မတရုံးဝန်ကြီး၊ နေပြည်တော်

          တရားသူကြီးချုပ်၊ တရားလွှတ်တော်ချုပ်၊ နေပြည်တော်

          နိုင်ငံတော်ရှေ့နေချုပ်၊ နေပြည်တော်

0 comments:

Post a Comment