Tuesday, August 20, 2013

အယ်ဒီတာမှ တစ်ဆင့် သမ္မတကြီးထံပေးစာ

သို့

          ဦးသိန်းစိန်

နိုင်ငံတော်သမ္မတ

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

         

အကြောင်းအရာ။         မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး/ အုပ်ချုပ်ရေး မှူး၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို စစ်ဆေးအရေး ယူပေးပါရန် တင်ပြခြင်း

၁။       နိုင်ငံတော်သမ္မတကြီးက ဒီမိုကရေစီခေတ်သို့ကူးပြောင်း၍ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် စီမံအုပ်ချုပ် ဦးဆောင်နေသည့်နေရာတွင် သန့်ရှင်းသော အစိုးရဖြစ်ရေး အတွက် မူဝါဒများ ချမှတ်ပေးထား သည့်အပြင် ခေတ်ပြောင်း စနစ်ပြောင်းပြီဖြစ်၍ ၀န်ကြီးများရော ၀န်ထမ်းများပါ ပြည်သူကိုဗဟိုပြု၍ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ လိုအပ်ချက်ကို လာဘ်လာဘနှင့် အဂတိလိုက်စားခြင်းမရှိဘဲ ဆောင်ရွက်ပေးရန် သမ္မတကြီးမှ မိန့်ခွန်းပြောတိုင်း အကြိမ်ကြိမ် သြ၀ါဒ လမ်းညွှန်ပေးပြီး ဖြစ်ပါသည်။ မကြာသေးမီကပဲ သမ္မတကြီးက ၀န်ထမ်းတွေကို ရာထူး ပေးထားခြင်းသည် ပြည်သူများကို အာဏာပြဖို့၊ အနိုင်ကျင့်ဖိုပမဟုတ်ဘဲ တိုင်းပြည်နှင့် ပြည်သူကို အလုပ် အကျွေး ပြု ရန်ဖြစ်ကြောင်း နောက်ဆုံး ပြောကြားခဲ့ပြီးဖြစ်ပါသည်။

၂။       သို့ရာတွင် သမ္မတကြီး၏ မိန့်ခွန်းများ၊ လမ်းညွှန်ချက်များကို လုံးဝ နားထောင်ခြင်းမရှိဘဲ လစ်လျူရှုပြီး အဂတိလိုက်စားမှုများ၊ လာဘ်လာဘ ရမှ လုပ်ငန်းဆောင်ရွက်ပေးခြင်း များကို အောက်ခြေအဆင့်တွင် ယခုထိ တွေ့မြင်နေရဆဲဖြစ်ပါသည်။ လယ်ယာမြေဥပဒေ များလည်း ယခုအချိန်တွင် ပြဋ္ဌာန်းပြီးဖြစ်ပါသည်။ တောင်သူ လယ် သမားများနှင့် ပြည်သူလူထုကို ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန်ဆောင်ရွက် ပေးကြရန် သမ္မတကြီးမှ မကြာသေးမီကပင် ထပ်မံညွှန်ကြား ပြောကြားသွားသည်ကို တွေ့ရှိရပါသည်။ သို့သော် လယ်ယာမြေများ မှတ်ပုံတင်ပေးခြင်း၊ ယခင် လန-၃၉၊ ယခု လန-၃၀ (က) (ခ) ရရှိရေး အဆင်ပြေ ချောမောစွာ ဆောင်ရွက် ပေးရန် ဖြစ်သော်လည်း အုပ်ချုပ်ရေးမှူးများက အမျိုးမျိုးကြန့်ကြာအောင် လာဘ်ပေး၊ လာဘ်ယူတွေ လုပ်လာ အောင် အဆမတန် အချိန်ဆွဲထား၍ ပညာပြလျက် ရှိပါသည်။

၃။       အထူးသဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အိမ်ယာမြေကွက်များ၊ ဥယျာဉ်ခြံမြေများကို လန-၃၉ ပြုလုပ်ရာ၌ အလွန်အမင်း အချိန်ကြန့်ကြာနေပါသည်။ လန-၃၉ ရရှိရန် မြို့နယ်မှ တိုင်း၊ တိုင်းမှ အစိုးရအဖွဲ့ အတွင်းရေးမှူးထံ တင်ပြရပါသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးထံ ရောက်ရှိချိန်တွင် အချိန် ကြာမြင့်စွာ ထိန်းသိမ်းထားသည်ကို တွေ့ရပါသည်။ အနည်းဆုံး ၃ လမှ ၆ လ၊ ၁ နှစ်ထိ ကြာမြင့်ပါသည်။ လန-၃၉ ယခု လန-၃၀ (က) (ခ) ရရှိလိုပါက အတွင်းရေးမှူးကို နည်းအမျိုးမျိုးဖြင့် ချဉ်းကပ်မှုပြုလုပ်ပြီး ကျပ် သိန်း ၂၀ မှ ၃၀ ထိ ပေးလိုက်လျင် ချက်ချင်းပင် ၀န်ကြီးချုပ်ထံ တင်ပြပေးပါသည်။ အကယ်၍ မပေးပါက ဖော်ပြပါ အတိုင်း အချိန်ကာလများစွာ ဆိုင်းငံ့ ထိန်းသိမ်းထားပါသည်။ အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံ တင်ပြလျှင်လည်း အလားတူ ကျပ် သိန်း ၃၀ ထက်ပို၍ မကန်တော့ပါက ပြည်ထောင်စု အစိုးရအဖွဲ့ထံ ဆက်လက်ထောက်ခံ တင်ပြပေးခြင်း မပြုလုပ်ကြောင်း တွေ့ရှိရပါသည်။

၎။       ယခု တင်ပြပါသတင်းကို           အမှန်သိချင်လျှင် မန္တလေးတိုင်းဒေသကြီး တိုင်းအုပ်ချုပ်ရေးမှူး/ အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်သော ဦးအုန်းလွင်၏ ရုံးခန်းကို အလစ်အငိုက် ရှာဖွေကြည့်ပါက ထိန်းသိမ်းထားသော အမှုတွဲများကို သေချာပေါက် တွေ့ရှိရမည် ဖြစ်ပါသည်။ ကာကြာမြင့်စွာ ထိန်းသိမ်းထားရခြင်းကို အကြောင်း ရှာပြီး ရှင်းပြပေးပါလိမ့်မည်။

၅။       အမှန်စင်စစ် ပြည်သူတစ်ယောက်က တင်ပြလာသည့် အခါ ပြည့်စုံလျှင် ပြည့်စုံသလို ဆောင်ရွက်ပေး ရန်နှင့် လိုအပ်ချက် ရှိပါကလည်း လိုအပ်ချက်များ ပြည့်စုံအောင် ဆောင်ရွက်ပြီး ပြန်လည်တင်ပြရန် လမ်းညွှန် ရမည့် တာဝန်ရှိပါသည်။ ဤဖြစ်ပျက်နေသော အခြေအနေများကို သမ္မတကြီး သိကောင်းသိပါလိမ့်မည်။ မသိ သေးလျင်လည်း ယခုတင်ပြချက်အရ လျှပ်တစ်ပြက် စုံစမ်းကြည့်ပါ။ ကြိုတင်သတင်းမရလျှင် (သို့မဟုတ် ကြိုတင်သတင်းရ၍ ရွှေ့ပြောင်း ၀ှက်ထားလျင်မှ အပ) သေချာပေါက် တွေ့ရှိရမည်ဖြစ်၍ လိုအပ်သလို ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

 

 

                                                                      ဦးဇာဂရနှင့် ၀န်ထမ်းတစ်ဦး

0 comments:

Post a Comment