Wednesday, June 5, 2013

အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်နေသော အမိန့်အာဏာအသုံးအနှုန်းတွေ တော်လောက်ပါပြီ အောင်ဇင်(ပုဇွန်တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

  ကျွန်တော်သည် ဥပဒေသမား မဟုတ်ပါ။သို့သော် ပြည်သူ့ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါသည်။ ကျွန်တော်နားလည် သော ဥပဒေသည် နှစ်မျိုးသာရှိပါသည်။ ပထမတစ်မျိုးသည် ပြည်သူကို အကာအကွယ်ပေးသော ဥပဒေဖြစ်ပြီး  ဒုတိယတစ် မျိုးမှာ အုပ်ချုပ်သူကို အကာအကွယ်ပေးသော ဥပဒေသာ  ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဥပဒေကိုစဉ်းစားသည့် အခါ ပြည်သူကိုမျက်နှာမူ၍ ပြည်သူမျက်နှာရွှင်လန်းစေသော ဥပဒေများကိုသာ နှစ်သက်ထောက်ခံမည်သာ ဖြစ်သည်။ ကျွန်တော် ၂၀၁၀ ရွေးကောက်ပွဲဝင်စဉ်ကက ပြည်သူကို ရဲရဲကတိ ပြုခဲ့သည်မှာ  နှစ်ခုသာ ရှိပါသည်။ ၄င်းတို့မှာ ပြည်သူ့ အတွက် အကျိုးရှိမည့် ဥပဒေများကို ထောက်ခံပြီး ပြည်သူ့အတွက်အကျိုးမဲ့စေမည့်ဥပဒေများကို ကန့်ကွက်မည်ဟု ကတိပြု ခဲ့ပါသည်။ လွှတ်တော်ထဲရောက်သောအခါ လွှတ်တော်အသံ၊ ပြည်သူ့အသံ ဆိုသည့်အတိုင်း ပြည်သူ၏အသံများကို ဟစ်ကြွေးတောင်းဆိုခဲ့ပါသည်။ ၇၀%သော ပြည်သူများအတွက် ရသင့်သလောက်တော့ ရခဲ့ပါသည်။

          ကျွန်တော်လွှတ်တော်သက်တမ်း ၂နှစ်သားကျော်ကျော်သို့ရောက်သောအခါ အသံလှိုင်းများ၏ရှေ့တွင် အကာအရံ အခက်အခဲများ တွေ့လာရပါတော့သည်။ ဤသည်မှာလည်း စိန်ခေါ်မှုတစ်ခုအနေနဲ့ မှတ်ယူပါသည်။

          ဒီမိုကရေစီအသက်သည် ဥပဒေစည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်တပြေးညီ လိုက်နာကျင့်သုံး ခြင်းဟု နားလည်ပါသည် ။ ဒီမိုကရေစီ၏ပဲ့ကိုင်ရှင်ဖြစ်သော ဥပဒေပြုလွှတ်တော်သည်လည်း ပြည်သူများအတွက် အကာ အကွယ်ပေးသော ဥပဒေများကိုသာ ပြုသင့်သည်ဟုလည်း ယုံကြည်ပါသည်။ ထိုသို့ ဥပဒေပြုခွင့်ရသည့် လွှတ်တော်ကိုယ်စား လှယ်များတွင်လည်း ကိုယ်ပိုင်ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာပြောဆိုဆွေးနွေးမှုများ ရှိရမည်ဟုလည်း ယုံကြည် ပါသည်။ ထိုသို့ပြောဆိုလုပ်ဆောင်ရန်အတွက် ပြည်သူများက ကျွန်တော်တို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ပေးလိုက်သည်ဟုလည်း ခံယူပါသည်။ သို့ဖြစ်ပါသောကြောင့် ၂၀၁၃ ပြည်သူလွှတ်တော်ဆိုင်ရာနှင့် ပြည်သူ့လွှတ်တော်ဆိုင် ရာ နည်းဥပဒေအချို့ကိ ပြင်ဆင်ရပါတော့မည်။

          ကျွန်တော်ပြင်ဆင်သည်မှာ ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များထဲမှ အခန်း(၅)၊ အပိုဒ်(၁၉)၊ ပိုဒ်ခွဲ(က)တွင် ပါသော လွှတ်တော်ကို စည်းကမ်းသေ၀ပ်စေရန် တာဝန်ယူကြိးကြပ်ကွပ်ကဲခြင်းနှင့် ထိုသို့ ကြီးကြပ်ကွပ်ကဲ ရာ တွင် “မိမိချမှတ်သော အမိန့်များကို” တည်စေရန် လိုအပ်သော “အခွင့်အာဏာ” အပြည့်အ၀ ကျင့်သုံးခွင့်ရှိခြင်း ဆိုသ်ည့အပိုဒ် တွင် “အမိန့်၊ အခွင့်အာဏာအစား” “မိမိချမှတ်သောဆုံးဖြတ်ချက်မျာကို” တည်စေရန် လိုအပ်သာ “လုပ်ပိုင်ခွင့်များကို” ဥပဒေနှင့် အညီ အပြည့်အ၀ကျင့်သုံးခွင့်ရှိခြင်းလို့  ပြင်ဆင်ခဲ့ပါသည်။

          ထိုသို့ပြင်ဆင်ခြင်းမှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေသော လွှတ်တော်ကြီးတွင် လွတ်လပ်စွာ ဆွေးနွေးခြင်း၊ ပွင့် လင်းမြင်သာမှုရှိခြင်းသည် အဓိကကျသောကြောင့် ဖြစ်ပါသည်။ အမိန့်အာဏာအောက်တွင် ဆွေးနွေးတင်ပြသည်ထက်  ဥပဒေစည်းမျဉ်းစည်းကမ်းများအောက်တွင် ဆွေးနွေးတင်ပြခြင်းသည် ဒီမိုကရေစီပိုကျလိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်၏ပြင်ဆင်ချက်ကို ထောက်ခံသူရှိပါက မတ်တပ်ရပ်ခိုင်းသောအခါ လွှတ်တော်တစ်ခုလုံးငြိမ်သွားပြီး  ကျွန်တော်နှင့် စမ်းချောင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း ပေါင်းနှစ်ဦးသာ မတ်တပ်ရပ်ခဲ့ပါသည်။ ဘယ်လိုဖြစ်သလဲ၊ ၀မ်းနည်းဖို့မကောင်းလား။

ကျွန်တော်ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေးစဉ်က “ဒီဥပဒေကို ပြင်ဆင်ဖြည့်စွက်ရတာက ပြည်သူတွေအတွက် ဒီမိုကရေစီလမ်းကြောင်းဖောက်မယ့်သူတွေက ကျွန်တော်တို့ရဲ့ လွတ်လပ်စွာဆွေးနွေးခွင့်တွေ ပျေက်သွားမယ်ဆိုရင် အများ ပြည်သူတွေကြားလို့မတော်ပါဘူး။ ဒီမိုကရေစီနှလုံးသားအခံနဲ့ စဉ်းစားတဲ့အခါ အာဏာရှင်ဆန်တဲ့ အတွေးအခေါ်၊ အသုံး အနှုန်းများက ကျွန်တော်ရဲ့ နှလုံးသားကို ကြမ်းရှရှ ဖြစ်စေပါတယ်”လို့ ပြောခဲ့ပါတယ်။

သို့ဖြစ်ပါ၍ ကျွန်တော် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့  အမိန့်အာဏာရဲ့အောက်မှာ သင်းသတ်ထားတဲ့ သစ်ပင်လိုနေရာမှာထက် ဥပဒေမူဝါဒရဲ့အောက်မှာ ဂုဏ်ရှိတဲ့ ၊ သိက္ခာရှိတဲ့ နေထိုင်နည်းနဲ့ တင့်တင့်တယ်တယ် ထည်ထည်ဝါ ၀ါ နေထိုင်လိုပါတယ်။

မှန်ပါတယ်။ ပြည်သူတို့ရဲ့ ပြည်သူ့လွှတ်တော်က ပြည်သူ့အသံသာ လွှမ်းသင့်ပါတယ်။အမိန့်အာဏာသံများကင်းစင်

သင့်ပါတယ်။  သို့မဟုတ်လျှင် အမြင်မတော် ဆင်တော်နှင့်ခလောက် ဖြစ်သွားပါလိမ့်မယ်ခင်ဗျား။

NEWS WATCH ဂျာနယ် ( ၁၇-၅-၂၀၁၃)

0 comments:

Post a Comment