Wednesday, February 22, 2012

ကိုထိန်လင်း သို့ အိတ်ဖွင့်ပေးစာ

ကိုထိန်ရေ ဒီရက်ပိုင်းထဲမှာ မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းတွေရဲ့ မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား (၂) ပွဲကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ရန်ကုန်မှာ၊ (၁၂)ရက်နေ့က မန္တလေးမှာ ကျင်းပခဲ့တော့ အဲဒီနှစ်ပွဲစလုံးကို ကျွန်တော် အလေးအနက်ထားပြီး တက်ဖြစ်အောင် တက်ခဲ့တယ်။ ရန်ကုန်မှာလုပ်တဲ့ ပွဲမှာ ခင်ဗျားနဲ့ ကျွန်တော်ပြန်ဆုံ ဖြစ်ခဲ့ပြီး စကားနည်းနည်းလောက်ပဲ ပြောဖြစ်ခဲ့ကြလို့ ကျွန်တော် သဘောထားကို ဒီပေးစာနဲ့ ခင်ဗျားဆီလှမ်းပြောလိုက်တာပါ။
          ခင်ဗျားနဲ့ ကျွန်တော်စပြီး တွေ့ဖြစ်ခဲ့ကြတာဟာ 1999 ခုနှစ်ဝန်းကျင်ဆိုတော့ရယ်၊ မန္တလေးထောင်ထဲမှာ အကျဉ်းသားဘ၀နဲ့ ဆုံခဲ့ကြတာရယ်ကို မှတ်မိနေပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ခင်ဗျားတို့ မြောက်ပိုင်း အေဘီပြန်ထွက်ပြေးလားပြီး နောက်ပိုင်းကာလ စစ်အစိုးရက နိုင်ငံရေးမှုနဲ့ ထောင်ချလိုက်တဲ့ ကာလဆိုတာကိုလည်း သတိရမိနေပါသေးတယ်။ ခင်ဗျားနဲ့ အမှုတွဲ ဖြစ်နေတဲ့ မြောက်ပိုင်းအေဘီပြန် ရဲဘော်တွေထဲက ကိုရာပြည့်၊ ကိုအငယ်လေး၊ ကိုစံလွင်လေး၊ ကိုရဲလင်း၊ ကိုမိုးကြီး(မိုးဇော်ထွန်း)၊ ကိုဘိုဘို(မိုးကျော်သူ)၊ ဖိုးကျော်(ကျော်ဝင်းဆွေ) တို့လည်း ထောင်ကျ အကျဉ်းသားတွေ ဖြစ်နေကြတဲ့အချိန်လေ။ တခြားဘယ်တွေ မန္တလေးထောင်ထဲမှာ ရှိသေးသလဲဆိုတာ အခုပြန်စဉ်းစားတော့ ကျွန်တော်မမှတ်မိဘူး။ တခြားထောင်တွေမှာ ထောင်ကျနေတဲ့ မြောက်ပိုင်းအေဘီပြန် ကျောင်းသားရဲဘော်တွေ ဘယ်လောက်ရှိသလဲဆိုတာကိုလည်း မမေးဖြစ်ခဲ့လို့ မသိခဲ့ဘူး။
          ဒီမိုကရေစီတောလှန်ရေးအတွက် အသက်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ခင်ဗျားတို့ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး နှိပ်စက် ညှဉ်းပန်းခဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ (အဲ့ဒီတုန်းက) ခေါင်းဆောင်နေရာ ရယူထားခဲ့တဲ့ လူတွေအနေနဲ့ ခင်ဗျားတို့တစ်တွေကို စစ်အစိုးရက နိုင်ငံရေးမှူးနဲ့ ထောင်ချလိုက်တဲ့ သတင်းမျိုးမကြားဘဲ မနေပါဘူး။ အဲဒီသတင်းကို သူတို့ကြားတဲ့ အချိန်မှာ ဘယ်လိုမှတ်ချက်မျိုးပေးခဲ့ကြသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်ထင်တယ် ကိုထိန်ရေ။ ပြီးတော့ ဘုမသိဘမသိဘဲ ခင်ဗျားတို့ကို စစ်ထောက်လှမ်းရေးလို့ ထင်မှတ်ခဲ့၊ ယုံကြည်ခဲ့ကြသူတွေရဲ့ အမြင်သဘောထား ဘယ်လိုရှိခဲ့ကြသလဲ ဆိုတာကိုလည်း စိတ်ဝင်စားမိပါသေးတယ်။
          ဒီလူတွေက အခု နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာတဲ့အထိ ခင်ဗျားတို့တစ်တွေကို စစ်အစိုးရက လွှတ်လိုက် (တာဝန်ပေးလိုက်) တဲ့ ထောက်လှမ်းရေးတွေလို့ ယုံကြည်နေကြတုန်းပဲလား။ ခင်ဗျားတို့ ဒုက္ခတွေကို ကိုယ်ချင်းစာစိတ်နဲ့ အမှန်တရားဘက်က ငါတို့လည်း ရပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မချနိုင်ရင်တောင်မှ ခင်ဗျားတို့တစ်တွေဟာ စစ်ထောက်လှမ်းရေး မဟုတ်ခဲ့ကြပါဘူးလို့ အခုအထိ သဘောမထားနိုင်ကြ သေးဘူးလား။ အနှစ်နှစ်ဆယ်ဆိုတဲ့ အချိန်ဟာ အဖြေမှန် ထုတ်နိုင်ဖို့အတွက် လုံလောက်လွန်းမကအောင် လုံလောက်ခဲ့တဲ့ အချိန်ပါ။ လူတစ်ယောက် (ခင်ဗျားတို့ တစ်အုပ်စုလုံး)ရဲ့ အဖြူအမည်းကို သဲသဲကွဲကွဲ မြင်လို့ကြည့်လို့ရတဲ့ ကာလရှည်ကြီးပါ။ လူတစ်ယောက်ချင်းစီကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ရုံတင်မကဘဲ နိုင်ငံရေးဘ၀ နာလန်မထူအောင် နိုင်ငံရေးလူညွန့်တုံးအောင် လုပ်ကြံခံခဲ့ရ သူတွေ အတွက် နိုင်ငံရေးနာလန်ထပြီး နိုင်ငံရေးဘ၀အညွန့်တလူလူ ဖြစ်လာခွင့်ကို ပြန်ရသင့်တဲ့ကာလလည်း ဖြစ်ပါတယ်။
          ခင်ဗျားတို့တစ်တွေက ကိုယ့်ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်တဲ့၊ တစ်ယောက်ချင်းစီရဲ့ နဂိုအဆင့်နေရာတွေ (ရာထူးမဟုတ်၊ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ဝင် ရဲဘော်ဆိုတာ)ကို ပြန်ရောက်နိုင်ရေးအတွက် နိုးထ ရုန်းကန်တဲ့ အခမ်းအနားနှစ်ခု ကျင်းပခဲ့တာကို ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတွေ သူငယ်ချင်းတွေကတော့ ထောက်ခံအားပေးခဲ့ကြတယ်ဆိုတာ ခင်ဗျားသိပြီးသားပါ။
          မန္တလေးမှာ လုပ်တဲ့ ပွဲမတိုင်ခင် တစ်ရက်ကြိုပြီး ကျွန်တော်ရောက်သွားတော့ (အဲဒီတုန်းက) မတရားနှိပ်စက်ညှဉ်းပန်းတာ ကိုမခံနိုင်တာကြောင့် ထောက်လှမ်းရေးပါလို့ ၀န်ခံခဲ့ကြရတဲ့ ခင်ဗျားတို့ ရဲဘော်တချို့ရဲ့ စကားဝိုင်းထဲက ပြောကြတာတွေ ကြားရတယ်။ အတော့်ကို ထိတ်လန့်ချောက်ချားခဲ့ ရပြီး ကြေကွဲဝမ်းနည်းစိတ်တွေနဲ့ ကျွန်တော်မျက်ရည်လည်ခဲ့ရတယ်။ ဘယ့်နှယ်ဗျာ။
          ကိုထိန်ရေ ခင်ဗျားတို့ အမှုတွဲထဲက ကိုရာပြည့်နဲ့ ကျွန်တော် မန္တလေးထောင်ရဲ့ တိုက်ခန်းတစ်ခုတည်းမှာ အတူတူ နေခဲ့ရသေးတယ်ဗျ။ ကျွန်တော် မေးကြည့်လို့ သူပြန်ပြောပြတဲ့ မြောက်ပိုင်းအေဘီမှာတုန်းက ထောက်လှမ်းရေးဆိုပြီး ၀န်ခံလာအောင် နှိပ်စက်ခဲ့တဲ့ ဇာတ်ကွက်တွေက ရက်စက်ပါပေ့ကွယ် ဆိုတဲ့ စကားလုံးနဲ့ မလုံလောက်ခဲ့ပါဘူး။ မြောက်ပိုင်းအေဘီမှာ ထောက်လှမ်းရေးလို့ စွပ်စွဲခံခဲ့ရတဲ့ ကိုရာပြည့်လည်း စစ်အစိုးရရဲ့ ထောင်ထဲမှာ (၁၀) နှစ် ကျော်လောက်ကြာတော့ အသည်းရောင်အသားဝါစီနဲ့ ကွယ်လွန်သွားခဲ့တယ် ဆိုတာသိရတယ်။ (၂၀၀၉) လောက်တုန်းက ထင်တယ်။ အဲဒီကိုရာပြည့်လည်း စစ်အစိုးရက တာဝန်ပေးခဲ့တဲ့ စစ်ထောက်လှမ်းရေးပဲလားလို့ သူတို့ကို မေးကြည့်ချင်တယ်ဗျာ။
          မန္တလေးမှာ ပွဲလုပ်တဲ့နေ့ (၁၂၊ ဖေဖော်ဝါရီ) ရဲ့ ညနေပိုင်း ကျွန်တော်တို့ ကားပိတ်မသွားခင်မှာ မြောက်ပိုင်းအေဘီတုန်းက ခင်ဗျားတို့လိုပဲ ပြဿနာအရှာခံ ခဲ့ရတဲ့ ကိုဖိုးစန်းနဲ့ စကားထိုင်ပြောကြသေးတယ်။ ကျွန်တော်ရယ် ကိုဌေးလွင်ရယ် ကိုသိန်းဌေးရယ်။ ကိုဖိုးစန်းက အစောပိုင်း အဖမ်းခံထားရတဲ့ လူတွေရဲ့ ထောက်လှမ်းရေး ၀န်ခံချက်ဗွီဒီယိုမှတ်တမ်းတွေ ရိုက်ပေးခဲ့ရတာတဲ့။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ကိုလည်း ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ညှဉ်းပန်း နှိပ်စက် ၀န်ခံခိုင်းခဲ့ ကြတာတဲ့။ သူကလည်း ခံခဲ့ရတဲ့ အကြောင်းတွေ ပြောပြပါသေးတယ်။ အဲဒီကာလတွေတုန်းက မြောက်ပိုင်း အေဘီမှာ ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ သူတို့ကို နာခံသူတွေ၊ အဆင်ပြေသူတွေ ကပဲ တော်လှန်ရေး သမားအစစ်တွေ ဖြစ်နေခဲ့ပြီး ကျန်တဲ့ သူတွေကတော့ မြင်မြင်သမျှ၊ အမ်အိုင်ကွ လို့ သတ်မှတ်ခံနေရတဲ့ ကာလမျိုးဖြစ်နေခဲ့တာကိုး။ အဲဒီသဘောမျိုး ခပ်ဆင်ဆင်ဖြစ်နေမယ်ဆိုရင် ခင်ဗျား သဘောတူနိုင်မလား ကိုထိန်။
          ကိုဖိုးစန်းပြောပြတဲ့အထဲမှာ ခင်ဗျားအကြောင်းတောင်ပါသေးတယ်။ ခင်ဗျားကို အဲဒီလူတွေက အဆိပ်ခတ်မဲ့ ထောက်လှမ်းရေးလို့ စွဲချက်တင်ပြီး စစ်ဆေးနေတာတဲ့။ ခင်ဗျားက အကျောက်အကန် ငြင်းပေမယ့် နှိပ်စက်လွန်းလို့ နာသထက်နာလာပြီး မခံနိုင်တဲ့ အဆုံးမှာ ခင်ဗျားသိမ်းထားတယ်ဆိုတဲ့ အဆိပ်ပုလင်းကို ရုံးခန်းထဲက လာယူပြီးပေးခဲ့ရတယ်ဆိုပဲ။ ခင်ဗျားလက်ကို ကြိုးတုပ်ပြီး ခေါ်လာတာကို ကိုဖိုးစန်းက ထိုင်ကြည့်နေတာတဲ့။ ခင်ဗျားက မှင်အိုးကို ပြပြီး၊ ယူပြီးတော့ သူတို့နဲ့ အတူတူကြိုးတန်းလန်းနဲ့ အခန်းထဲက ပြန်ထွက်သွားတယ်တဲ့။ နောက်ပိုင်းမှာ ကိုဖိုးစန်းလည်း  ထောက်လှမ်းရေး စွပ်စွဲချက်နဲ့ အဖမ်းခံရတော့ ခင်ဗျားနဲ့အတူတူ နေရချိန်မှာ မှင်အိုး(ပုလင်း) ကိစ္စမေးတယ်တဲ့။ ငါ့ကို ဖွက်ထားတဲ့အဆိပ်ပုလင်းပေးရမယ်ဆိုတော့ ငါလည်းဘာမှ ပေးစရာမရှိတာနဲ့ မှင်ပုလင်းကို အဆိပ်ပုလင်းဆိုပြီး အပ်လိုက်ရတာကွ လို့ပြောတဲ့ အကြောင်းပါ ပြန်ပြောပြသေးတယ်။ ကိုဖိုးစန်းက ဒီမှင်တွေကို ဟင်းအိုးထဲခပ်ရင် တအိုးလုံးပြာသွားမယ် ဆိုတာတောင် အဲဒီကောင်တွေ မစဉ်းစားတတ်ဘူးလားမသိဘူး လို့ရယ်ကျဲကျဲနဲ့ ကျွန်တော်တို့ကို ပြောသေးတယ်ဗျ။
          အဲဒီနေ့က လုပ်တဲ့ မန္တလေးက အခမ်းအနားကို ခင်ဗျားက ပြန်ရမှာမို့ မလာနိုင်ပေမယ့် မန္တလေးမြို့က ဂဠုန်နီဆရာတော်အပါအ၀င် ထောင်ထွက် သံဃာတော်တွေ နိုင်ငံရေးသမားတွေ အထက်ဗကသ ဥက္ကဌဟောင်းကို သန့်ဇင်အပါအ၀င် ထောင်ထွက်ကျောင်းသူ ကျောင်းသားတွေ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ မိသားစုတွေနဲ့ အတူ ရန်ကုန်ကလာကြတဲ့ ကိုမြအေး၊ ကိုထွန်းမြင့်အောင်တို့ အပါအ၀င် (၈၈)မျိုးဆက်တွေ၊ မွေးစားသားအသတ်ခံရတဲ့ ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ စိတ်ဝင်စားသူတွေ အတော်များများလာရောက်ခဲ့ ကြတယ်ဗျ။ အဲဒီအခမ်းအနားကို တက်ရောက်လာ ကြသူတွေ အားလုံးဟာ ပါးစပ်ကဖွင့်မပြောကြပေမယ့် ခင်ဗျားတို့ တစ်တွေအပါအ၀င် မြောက်ပိုင်းအေဘီဂွင်ထဲမှာ မတရားအသတ်ခံခဲ့ကြရတဲ့ ကျောင်းသားရဲဘော်တွေကို စစ်ထောက်လှမ်းရေးတွေ မဟုတ်ဘူး၊ တော်လှန်ရေး ရဲဘော်တွေလို့ အသိအမှတ်ပြုလိုက်တာပါပဲ ကိုထိန်ရေ။
          အဲဒီအခမ်းအနားကို လာရောက်ကြတဲ့ သံဃာတော်တွေ အပါအ၀င် လူပုဂ္ဂိုလ်တွေ အားလုံးဟာ ကိုထိန်တို့အပါအ၀င် နိုင်ငံရေးအရပါ အသတ်ခံလိုက်ရတဲ့ ကျောင်းသားရဲဘော်တွေဘက်က တကယ့် အမှန်တရားဘက်က ထွက်ရပ်ပြလိုက်တဲ့ အင်အားတွေလို့ ကျွန်တော်က လုံးဝယုံကြည်တယ်ဗျ။ မတရားမှုဆိုတာကို ဘယ်လိုနည်းနဲ့ပဲ ဖုံးအုပ်ဖျောက်ဖျက်ပြီး လှည့်ကွက်ဆင် မျက်လှည့်ပြခဲ့ပေမယ့်၊ ဖွင့်ချချိန်တန်လို့ ပွင့်ကျလာရင် ဗူးပေါ်သလို ပေါ်လာတာပဲ ဆိုတဲ့ သဘာဝတရားကို  ဘယ်လို သကောင့်သား အာဏာရှင်မျိုးကမှ ဖီဆန်လို့ မရခဲ့ပါဘူး ကိုထိန်။ ခင်ဗျားတို့လို ခံခဲ့ရတဲ့ ဘက်က လူတွေ အနှစ်နှစ်ဆယ်လုံး အောင့်အည်း မြိုသိပ်ကြိတ်မှိတ်ခံခဲ့ရတဲ့ အကြောင်းတွေထဲမှာ ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းနစ်နာသွားမှာကို စိုးရိမ်ခဲ့တာ၊ စစ်အစိုးရဘက်က ၀မ်းသာပြီး အသုံးချသွားမှာကို စိုးရိမ်ခဲ့တာ၊ ဗမာပြည် ဒီမိုကရေစီတော်လှန်ရေးကြီး တစ်ခုလုံးအပေါ် အရှိန်ဟပ်ပြီး ထိခိုက်သွားမှာစိုးတာတွေကြောင့်ဆိုတာ ခင်ဗျားတို့နဲ့ စကားပြောရင်းနဲ့ နားလည်ခဲ့ပါတယ်။ အဲ့ဒီလို ခင်ဗျားတို့ စိုးရိမ်စိတ်တွေနဲ့အတူ၊ ခင်ဗျားတို့ရဲ့ နိုင်ငံရေးဘ၀တွေ ညှိုးနွမ်းခြောက်သွေ့ခဲ့ရ၊ နိုင်ငံရေးဘ၀ သေခဲ့ရတာတွေကိုလည်း ကျွန်တော်နားလည်စာနာခဲ့ပါတယ်။ ဘယ့်နှယ်ဗျာ……..။
          အခုတော့ ခင်ဗျားတို့ရဲ့ အနာဂတ်နိုင်ငံရေးဘ၀တွေအတွက် ခင်ဗျားတို့ ကြုံခဲ့ရတဲ့ အခြေအနေ အစစ်အမှန်ကို ဖော်ထုတ် ဖွင့်ချလိုက်ကြပါပြီ။ ကျွန်တော်ကြိုဆိုပါတယ်။ ကျွန်တော့်လို စိတ်ဓါတ်ရှိကြတဲ့ ပြည်တွင်းပြည်ပက အမှန်တရားလိုလားကြသူတွေ၊ မတရားမှုကို ဆန့်ကျင်ကြသူတွေကလည်း ခင်ဗျားတို့ ရုန်းထရပ်ပြလိုက်တာကို လက်ကမ်းကြိုကျမှာပါ။ ကြိုနေကျသူတွေ အများကြီးကိုလည်း မြင်ခဲ့ရပြီးပါပြီ။ ခင်ဗျားတို့ဘ၀မှာ လိုချင်တာက တစ်ခုတည်းပါ။ အဲ့ဒါကတော့ မြောက်ပိုင်းအေဘီမှာ အသတ်ခံရသူတွေနဲ့ နှိပ်စက်ညှင်းပန်းခံခဲ့ရသူတွေဟာ စစ်ထောက်လှမ်းရေးမဟုတ်ခဲ့ကြပါဘူး ဆိုတာပါပဲ။ ဟုတ်တယ်မဟုတ်လား ကိုထိန်။
          အခုအချိန်အထိ ခင်ဗျားတို့ကို ထောက်လှမ်းရေးလို့ စွဲချက်တင်ထားသူတွေနဲ့ ယုံကြည်လက်ခံထားသူတွေကို ကျွန်တော်မေးချင်တာ တစ်ခုပဲရှိတယ်။ ကျွန်တော်က အင်တာနက် တက်လေ့မရှိလို့ အဲ့ဒီလူတွေကို ကျွန်တော့်ကိုယ်စား ကိုထိန်ပဲ လှမ်းပြီးမေးပေးစမ်းပါဗျာ။
          မကြာခင်တုန်းက နေအိမ်အကျယ်ချုပ်က လွတ်လာခဲ့တဲ့ ထောက်လှမ်းရေးညွှန်ချုပ်ဟောင်း ဗိုလ်ခင်ညွန့်က ကိုထွန်းအောင်ကျော်နဲ့ ဦးစိန်အပါအ၀င် နှိပ်စက် သတ်ဖြတ်ခံရသူတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူတွေဟာ ငါ့လူတွေမဟုတ်ပါဘူး လို့ ကြေငြာချက် ထုတ်ပေးတော့မှ သူတို့မှားတယ်ဆိုတာကို လက်ခံမှာလားဆိုတဲ့ မေးခွန်းပါပဲ ကိုထိန်းရေ။
          မပြီးပြတ်သေးတဲ့ ဒီမိုကရေစီ အရေးတော်ပုံ ခရီးမှာ လူ့အသက်ရော နိုင်ငံရေးအသက်ပါ အသတ်ခံခဲ့ကြရတဲ့၊ လူအသတ်မခံရပေမယ့် နိုင်ငံရေးဘ၀ အသတ်ခံခဲ့ကြရတဲ့ တော်လှန်ရေးရဲဘော် အားလုံး လူ့ဂုဏ်သိက္ခာ နိုင်ငံရေးဂုဏ်သိက္ခာတွေ ပြန်ရအောင် ၀ိုင်းကြ ၀န်းကြဖို့ အရေးဟာ  အမှန်တရား မြတ်နိုးသူတွေ ဘယ်လိုမတရားမှုမျိုးကို မဆို ဆန့်ကျင်သူတွေ၊ ဒီမိုကရေစီမြတ်နိုးသူတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ ခုလည်းယုံကြည်ပြီး နောင်အနာဂတ်မှာလည်း ယုံကြည်နေအုံးမှာပါ ကိုထိန်ရေ။
          ကိုထိန်နဲ့ ကျောင်းသားတပ်မတော်ကြီးမှာ မတရားအလုပ်ခံရသူ ရဲဘော်အားလုံး နိုင်ငံရေးဂုဏ် သိက္ခာ ပြန်လည်ထွေးပိုက်နိုင်တဲ့ အနာဂတ်ဘ၀မှာ ရှင်သန်ထမြောက်နိုင်ကြပါစေ။ မတရားလုပ်တဲ့ သူတွေက မာယာပရိယာယ် ကြွယ်တယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့ဦး။
          မန္တလေးထောင်မှာ အတူနေခဲ့တဲ့ ခင်ဗျားရဲ့မိတ်ဆွေ
          ဌေးသိန်း(နောင်ကျော်)
16.2.2012
ရန်ကုန်၊ မြန်မာပြည်

0 comments:

Post a Comment