Monday, August 13, 2012

ကိုကိုကြီး သို့ အိတ်ဖွင့်ပေးစာ

2 comments
ကိုကိုကြီးရှင့်

အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း
စစ်အစိုးရရဲ့ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသား ခေါင်းဆောင်
ဆလိုင်း ကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။

ကျမတို့ မိသားစု အကြောင်းကို ကိုကိုကြီး ကြားဘူးကောင်း ကြားဘူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရ
စေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့တဲ့ အတွက် အကိုကြီးက သေဒဏ်၊ ကျမက ထောင်ဒဏ် (၉) နှစ်၊ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် (ရ) နှစ် ဘာမှ အပြစ်မရှိတဲ့ မိဘနှစ်ပါးက ထောင်ဒဏ် (၅) နှစ်စီ၊ မောင် အငယ်ဆုံး ကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်း ပမ်းခံခဲ့ရ စသဖြင့် မိသားစု တစုလုံးဘ၀ပျက် ခဲ့ရတာ မြန်မာ နိုင်ငံ တနိုင်ငံလုံးမှာ ကျမတို့ မိသားစု တစုဘဲ ရှိမယ် ထင် ပါတယ်။ ဒီလို ဘ၀ပေး အသိရရှိခဲ့ တာကြောင့် စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံ မုန်းပြီး၊ စစ်အာဏာရှင်စနစ် ကို ဆန့်ကျင် တိုက်ပွဲဝင်တဲ့ ရဲရင့် သတ္တိရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကိုလေးစား ချစ်ခင်တဲ့  နေရာမှာ ကျမတို့ ထက်သာသူ မရှိ ဘူးလို့ တောင် ပြောနိုင်ပါတယ် ရှင်။

ကျမတို့  မိသားစုဟာ ရှစ်လေးလုံးမှာ တတပ်တအား ဆက်လက်ပါဝင်ဆင်နွှဲပြီး ပြည်တွင်း မှာ နေလို့ မရတော့လောက်အောင်ကို အခြေအနေ ဆိုက်ရောက်လာတဲ့ အတွက် ရှစ်လေးလုံးပြီးကထဲက ထွက်လာကြပြီး အခုတော့ ကနေဒါနိုင်ငံမှာ အခြေချ နေထိုင်လျှက်ရှိပါတယ်။

ကျမရဲ့ အကိုကြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ကျဆုံးတဲ့ နှစ်ပတ်လည်နေ့ ကို ပြီးခဲ့တဲ့ ဇွန်လ၂၆ ရက်နေ့ တုံးက ရန်ကုန်မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာမှာ ဦးဆောင်သူတွေ ဖြစ်တဲ့ (အသက်ကြီး လှပြီဖြစ်ပေ မယ့် သတ္တိရှိစွာ လှုပ်ရှားဆဲဖြစ်တဲ့) သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၁၉၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ အခြားခေါင်းဆောင်များ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမ ပြော ခြင်ပါတယ်။ အဲသည်ပွဲမှာ ဦးဆောင်ကျင်းပသူတွေ ဒါမှမဟုတ် တက်ရောက်သူတွေ ထဲမှာကိုကိုကြီး လဲ ပါရင် ကျေးဇူး တင်ပါရစေ ရှင်။


ရှစ်လေးလုံးအတွင်းမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ဆင်နွှဲ ခဲ့ကြတာတွေ၊ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကြီး မတိုင်ခင် လူထုလှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့ကြတာတွေ၊ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရင်း ထောင်ထဲမှာ ကောင်းမွန်စွာရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတာတွေ စတာတွေကို ကျမတို့ မိသားစု တစုလုံးက လေးစား အသိအမှတ်ပြု လျှက်ရှိဆဲပါ ရှင်။

အခုလူတွေ အတော်များများပြောနေကြတဲ့ အပြောင်းအလဲဆိုတာကို ကျမတို့ မိသားစုတစုလုံး မျက်ခြေ မပြတ်ကြည့်နေပါတယ်။ ကျမတို့ ကတော့ လုံးဝ မယုံဘူး။ ဘာကြောင့်လဲဆိုတော့ အသွင်သဏ္ဍာန် အရသာ အရေခွံဟောင်းကို ခွာ၊အေ၇ခွံအသစ်ကို ထပ်တင်လိုက်တာကလွဲလို့  အနှစ်သာရ အရ ဘာမှ မပြောင်းဘူး။

၁၉၆၂ ခုနှစ်တုံးက ကျောင်းသားသမဂ္ဂကို ဖြို၊ သားသမီးတွေလို သဘောထားရမယ့် ကျောင်းသားတွေကို သတ်ပြီး ဗိုလ်ချုပ် နေ၀င်းက ဓါးဓါးခြင်း လှံလှံခြင်း စိမ်ခေါ်ခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ ကိုကိုကြီး အမွှမ်း တင်ဘို့ အစချီလာတဲ့ တပ်မတော် ဆိုတာဟာ သည်အတွေး အခေါ်နဲ့ သည်အနှစ်သာရကို ဆက်လက်ကိုင် စွဲထားတာကို သတိမပြုမိဘူး လားရှင့်။ အခု ခဏကလေးဖုံးထားတဲ့ အချိန်မှာတောင် မအောင့်နိုင်ဘဲ ပြီးခဲ့တဲ့ ဆဲဗင်း ဇူလိုင် နှစ်ငါးဆယ်ပြည့်နေ့မှာ ကျောင်းသားတွေကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့ တယ် မဟုတ်လား။ ဒါက စစ်အာဏာရှင်စနစ်ရဲ့ အစွယ်ကို တချက်လောက်ဘဲ လှစ်ပြလိုက်တာ မဟုတ်ပါလားရှင်။

အပေါ်ယံ အပြောင်းအလဲတွေ၊ လိုက်လျောမှုတွေ လုပ်ပြနေပေမယ့် စစ်အာဏာရှင်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်တက်နင်းရပ်ပြီး အခုအချိန်မှာ ခိုင်ခိုင်မာမာဆက် တည်ရှိနေတယ် ဆိုတာ ကိုကိုကြီး သိမှာ မလွဲပါဘူး။

အဲဒါသာမကဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ စစ်ဗိုလ်ချုပ်သစ်တွေကဘဲ တိုင်းပြည်အာဏာကို ဆက်လက် ချုပ်ကိုင်ထားတာကြောင့်လူသစ်တွေလဲ နေရာရသင့်တယ်ရယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
တောင် ပြောဆိုသွားခဲ့တာကိုကိုကြီးကြားမှာပါ။

ဒီလို နောက်ခံအခြေအနေအောက်မှာ ရိုဟင်ဂျာ ကိစ္စကြီး ဖြစ်ပေါ်လာတယ်။ အဲသည် အပေါ်မှာ ကိုကိုကြီး တိုင်းသိပြည်သိ ပြောကြားလိုက်တဲ့ အောက်ပါ စကားတွေကို ကြားလိုက်ရတော့ ကျမတို့ အံသြ တုန်လှုပ် သွားခဲ့တယ် ရှင့်။

ဒါကြောင့်လဲ ဒီ အိပ်ဖွင့်ပေးစာကို ရေးလိုက်တာပါဘဲ။

" ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ သည်းခံဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့  ဘူးသီးတောင် မောင်းတော ကိစ္စတွေမှာနိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံနားမလည်ဘဲ ၀င်ရောက်ပတ်သတ် စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါးတယ်လို့ ကျွန်တော်တို့သတ်မှတ်ပါတယ်။ နိုင်ငံ တကာ နဲ့မျက်နာ မပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှု ကိုယ်ခြင်းစာနာမှု နဲ့ လိုက်လျောမှုကို နိုင်ငံကြီး
တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။”

အထူးသဖြင့် ကိုကိုကြီးရဲ့အောက်ပါ စကားလုံးတွေ ဟာ ကျမတို့ မိသားစုကို အံ့သြတုန်လှုပ်သွားစေပါတယ်။
"နိုင်ငံကြီး တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့ တပ်မတော် နဲ့လက်တွဲ ဖြေရှင်း သွားမယ်..။”

ကိုကိုကြီးရဲ့ အဲသည်စကားကို နားထောင်ပြီးတဲ့အခါမှာ ကိုကိုကြီးဟာ စစ်အာဏာရှင်စနစ်ကို တကယ်ပြတ်ပြတ် သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသား ခေါင်းဆောင်တဦးမှ ဟုတ်ပါရဲ့လား ရယ်လို့ ကျမတို့ သံသယ ၀င်သွားခဲ့တယ် ရှင့်။ ကိုကိုကြီးလေမျိုးကို ကျန်တဲ့ကျောင်းသားတွေ အတုယူလာရင် စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ကျောင်းသားတွေ ဖြစ်မလာဘဲ စစ်အာဏာရှင်စနစ်ကို အကျိုးပြု တဲ့ ကျောင်းသားတွေ ဖြစ်သွားမှာ စိုးရိမ်မိတယ်။

ရှစ်လေးလုံးကာလ အတွင်းမှာ ဒီမိုကရေစီ ဖခင်ကြီး ဦးအောင်ကြီး သက်တော်ရာကျော် ရှည်ပါစေလို့ လူထုက တန်ဘိုးထား ကြွေးကြော်ခဲ့ရာကနေ ဦးအောင်ကြီးက "တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့  ” လို့ပြောခဲ့ တဲ့ အတွက် လူထုက နိုင်ငံရေး မြောင်းထဲကို ပြန်ဆွဲချလိုက်တာ ကိုကိုကြီး သတိရစေခြင်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းသယောင်နဲ့ စစ်အာဏာရှင်စနစ်ကို သာ ခိုင်မာအောင် လုပ်နေကြ တာ မျက်မြင်ပါဘဲ။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေကို ပုံသဏ္ဍာန် မျိုးစုံနဲ့ဆက်ပြီး ဆင်နွှဲသွားအောင် ရှင်းလင်းတဲ့ အမြင်တွေ တင်ပေး၇မယ့် အစား စစ်အာဏာရှင်စနစ်ကို ဒူးထောက်တဲ့ လမ်းကြောင်းကို ဦးတည်မယ့် စကားလုံးတွေကိုကျောင်းသားခေါင်း ဆောင်တဦး အနေနဲ့  မသုံးသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေရှင်။

၁၉၆၇ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ဖန်တည်းခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းတုံးက ကျမတို့ မိဘတွေရောကျမအကိုကြီး ဆလိုင်း ကိုတင်မောင် ဦးပါ ကြုံခဲ့ပြီးပြီ။ ဆန်ပြသနာဖြစ်ပြီး စစ်တွေမှာ ဆန်လုပွဲတွေပေါ်တော့ ရခိုင်လူထုတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ သို့ မဟုတ် ငယ်သေးလို့ များ မသိတာလား။ ဆန်ပြသနာ အရေးအခင်းကို အာရုံလွှဲခြင်တော့ တရုတ် ဗမာ အဓိကရုဏ်းဖြစ်အောင်နေ၀င်းက ဖန်တည်းခဲ့တယ်။

တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထုတ်၊ သူ့ လုံခြုံရေး အဖွဲ့ လက်ပါးစေတွေ ကိုအရပ်ဝတ် လဲ၊ အခြေမဲ့အနေမဲ့  လူရမ်းကားတွေကို မြှောက်ပေး၊ တရုတ်အိမ် တွေကို ၀င် ရောက် မီးရှို့ဖျက်ဆီး (တချို့
သတ်ဖြတ်တာတွေပါ) လုပ်ကြတော့ မီးသတ်ကားနဲ့ စစ်တပ်က လူအုပ်ကြီး နောက်က လိုက်ပေးတယ်။ ဘာမှ မတားဆီးဘူး။ အရေးမယူဘူး။ အခြားအိမ်တွေ မလောင် အောင်သာ မီးငြိမ်းပေးတယ်။ တရုတ်မိသားစုတွေကို သတ်ဖြတ်၊နှိပ်စက်၊ တရုတ်အိမ်တွေ မီးရှို့တဲ့ လူရမ်းကားတွေ အပေါ် ဘာမှ ထိထိ ရောက် ရောက် အရေးမယူခဲ့ဘူး။

ကျမ အကိုကြီး ဆလိုင်းကိုတင်မောင်ဦး ဆိုရင် အဲသည်တုံးက သူ့ အသက် (၁၆) နှစ်ဘဲရှိသေးတာပေါ့။ အသက်ဘေးကနေ လက်လွတ်ထွက်ပြေးကြရတဲ့ တရုတ်မိသားစု တစုကို ဘုန်းကြီးကျောင်းထဲမှာ ၀ှက်ပြီး ကယ်ခဲ့သေးတယ်။

တရုတ်တွေ အပေါ် လူမျိုး မတူတာ အပထား၊ လူသားချင်း စာနာစိတ်နဲ့ (ဘာပြစ်မှုမှ မကျူးလွန်တဲ့ လူတွေရဲ့) လူ့အသက်တွေကိုတော့ကယ်တင်သင့်တယ် ဆိုတဲ့ ခံယူချက်နဲ့ ကိုတင်မောင်ဦး သည်လို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ရှင့်။
စစ်အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်းတွေဖြစ်၊ တိုင်းပြည်မတည်မငြိမ်အောင် သူတို့ ဘဲဖန်တည်းပြီး လက်နက်အားကိုးနဲ့အုပ်ချုပ်ခွင့်၇အောင် အဲသည်လို လုပ်ခဲ့ကြတာပါ။ ကိုကိုကြီးပြန်စဉ်းစားကြည့်ပါ။ ရခိုင်ပြည်နယ်မှာ သည်လိုမျိုးဖြစ် မှာ ကျမတို့ သိတ်ကို စိုးရိမ်တယ်။ ဖြစ်သွားခဲ့ပြီ လို့ လဲ ယူဆတယ်။

ကျမတို့ က ရိုဟင်ဂျာတွေ ဘက်က သတ်ဖြတ်ကျူးလွန်မှုတွေ မရှိဘူးလို့ ဘက်လိုက်ပြီး ခုခံ ကာကွယ်ပြောဆိုနေတာမဟုတ်ဘူးရှင့်။ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရတာတွေ ရှိသလို ဗလီတွေ ဖျက်ဆီးခံရတာတွေ ရှိကြောင်းကြားရတယ်။
ပြစ်မှုကျူးလွန်တဲ့ နှစ်ဘက်လုံးကို ထိထိရောက်ရောက် အရေးယူပေါ့။ အဲသလို မဟုတ်ဘဲနဲ့ အမျိုးသားရေး ကိစ္စဆိုပြီးရိုဟင်ဂျာတွေကိုသာကွက်ပြီး သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လူမဆန်တဲ့ အပြုအမူတွေ ပြုကျင့်မယ် ဆိုရင်တော့ ကျမတို့လက်မခံနိုင်ဘူး ရှင့်။ ကိုကိုကြီး သုံးနှူံးသွားတဲ့ စကားလုံးအသုံးအနုန်းတွေဟာ သည်လို မတရားတာတွေ ပြုကျင့်စေဘို့ အားပေးရာ ရောက်တာမျိုး မဖြစ်သင့်ဘူးလို့  ပြောပါရစေ။

ကိုကိုကြီး အပါအ၀င် ပြည်တွင်းကလူထုတွေ တကယ့်အများစုကြီးဟာ ဆယ်စုနှစ် တချို့လောက် ပြင်ပ ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ခံထားခဲ့ရတယ်။ မြန်မာနိုင်ငံလိုဘဲ စစ်အာဏာရှင် လွှမ်းမိုးကြီးစိုးခဲ့တဲ့  အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြီးလေ့လာကြည့်ပါ။ မြန်မာနိုင်ငံမှာ အခု လူထုတွေ အများစုကြီးက အပြောင်းအလဲ လို့  ယူဆနေကြတဲ့ အနေအထားတွေဟာလွန်ခဲ့တဲ့ ၁၅ နှစ် လောက်က (၁၉၉၇ ခုနှစ်အထိ) အင်ဒိုနီးရှား နိုင်ငံမှာ အာဏာရှင် ဆူဟာတိုက ကျင့်သုံးခဲ့တဲ့ GuidedDemocracy လို့ ခေါ်တဲ့ လမ်းညွှန် ဒီမိုကရေစီ အောက်က ရခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးကို တောင်မမှီသေးဘူးရှင့်။

အခုမြန်မာနိုင်ငံမှာ အာဇာနည်နေ့မှာ ဆန္ဒပြခွင့်ကလေးတွေ ရလာတာကို လူထုတွေက ကျေးဇူးတင်နေကြရ တဲ့အဆင့်ဘဲရှိသေးတယ်။ သည့်ထက်သာတဲ့ အခွင့် အရေးမျိုးတွေကို အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို ရှိစဉ်ကထဲက ရခဲ့တာပါ။ တကယ်တော့ အနှစ်သာရအရ ဘာမှ မပြောင်း လဲသေးဘူးဆိုတာရှင်းနေပါတယ်။
ဘာဘဲဖြစ်ဖြစ် ရသမျှ အခွင့်အရေးကလေးတွေကို ယူပြီး စစ်အာဏာရှင်စနစ် ကို တောက်လျှောက်ဆန့် ကျင် တိုက်ပွဲဝင်ခဲ့ တဲ့ အတွေ့အကြုံရှိတဲ့ မြေပေါ်တော်လှန်ရေးသမားကြီးတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းကြီး
တွေ၊ ၁၉၆၂ ခုနှစ်ကျောင်းသားခေါင်း ဆောင်ဟောင်းကြီးတွေက အချင်းချင်း အပြန်အလှန် စုစည်း စည်းရုံးနေ ကြတာတွေ၊ ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့ ခေါင်း ဆောင်တဲ့ ရှစ်လေးလုံးမျိုး ဆက်ကျောင်းသားတွေက တပြည်လုံး ထွက်၊ စည်းရုံးလှုပ်ရှားနေကြတာတွေ၊ ကိုကျော်ကိုကို ခေါင်းဆောင်တဲ့ ဗကသ ကျောင်းသားတွေက တပြည်လုံး မှာ ဗကသ တွေ ပြန်လည် ဖွဲ့စည်းဘို့ လုပ်နေကြတာတွေ၊ ဒါတွေ အားလုံးကို ကျမတို့ လုံးဝ တန်ဘိုး ထား အသိအမှတ်ပြုပါတယ်။

အခက်အခဲတွေအကြားကနေ လုပ်နေကြရတဲ့အခြေအနေကိုလဲ သဘောပေါက်ပါရဲ့ရှင်။

ဒါပေမယ့် တချိန်ထဲ မှာ လူထုတွေကျောင်းသား တွေကို အခြေအနေမှန်ကို အမှန်အတိုင်း အသိပေး ဘို့ ၊ မြှော်လင့်ချက်အမှားတွေ ရှိမလာ စေဘို့ ၊ နိုင်ငံရေး အရ လမ်း ကြောင်းချော်သွားစေမယ့် အပြောအဆို မျိုးတွေ မပြောမိစေဘို့  ရိုးရိုးသားသား အကြံပေး ခြင်တာကြောင့် သည်စာကို ရေးလိုက် တာပါဘဲရှင်။

"ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့ တပ်မတော်နှင့်လက်တွဲဖြေရှင်းသွားမယ်..”လို့ ကိုကိုကြီး ပြောသွားခဲ့တယ်။ "ဒီမိုကရေစီ အင်အားစုတွေ အားလုံးကလို့” ကိုကိုကြီးဘာကြောင့်သုံးသွားတာလဲ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သဘောဆန္ဒလဲ တိတိကျကျ ထုတ်ဖေါ်တာ ဘာမှ မကြားရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖွင့်ပြောတာ လဲ နားထောင်ခွင့်မရသေးဘူး။ ရိုဟင်ဂျာတွေက ရခိုင်လူထုအပေါ် သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ ရွာတွေ မီးရှို့တာ၊ ရှိရင် အဲဒါတွေ အားလုံးကို ကျမတို့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ ထိထိရောက်ရောက်အရေးယူဘို့လဲတောင်းဆိုတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရော ဒေါ်အောင်ဆန်းစုကြည်က ပါရိုဟင်ဂျာနဲ့ ရခိုင် လူထုတွေ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အသွင် ဆောင်တဲ့ ပြဿနာမှာ အမျိုးသားရေးလို့ သတ်မှတ်တယ်ဆိုပြီး ဘက်တဘက် ထဲ က ဘဲရပ်၊ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်ခြင်သလိုသတ်ဖြတ်၊ ရက်စက်ခြင်သလို ရက်စက်၊လူသားချင်းစာနာထောက် ထားတဲ့ အခြေခံကနေ အသက်ရှင်ရပ်တည်လို့တောင် မရအောင် ခံစားနေကြရတဲ့ အခြေ
အနေ မျိုးဖြစ်စေ မယ် ဆိုရင် တော့ ဒါကို လျှစ်လျှရှုထား၊ မသိခြင်ယောင်ထားပြီး ထောက်ခံတဲ့ သဘောနဲ့ နေလိမ့်မယ်လို့  ကျမတို့ တော့မထင်ဘူးရှင့်။

ပြီးတော့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက လို့ ကိုကိုကြီး သုံးသွားတာ ကျမတို့ လို မလွှဲသာ လို့ တိုင်းပြည် ပြင်ပရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ဒီမိုကရေစီ ရေးလှုပ်ရှားတက်ကြွတဲ့အဖွဲ့ အစည်းအသီးသီးတွေ ကို ထည့်မတွက်တော့ဘူးလား ရှင့်။ ဒီမိုကရေစီ အင်အားစုတွေ အားလုံးကို ကိုယ်စားပြုပြီး ပြောခြင်ဆိုခြင်တယ် ဆိုရင် သူတို့ သဘောထားဆန္ဒကို ကြိုတင်မေးဘို့ မလိုဘူးလား။ ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ ကိုကိုကြီးတို့ ထောင်ထဲမှာ ရှိနေတုံးက နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဘို့ ကမ္ဘာပတ်ပြီး တောင်းဆို၊ စစ်အစိုးရကို ဖိအားပေး ခဲ့ကြသူတွေပါ။ သူတို့ သဘောဆန္ဒကိုရော အလေးမထားသင့်ဘူးလား။ သူတို့ သဘောဆန္ဒ ကို လဲ မယူ ဘဲနဲ့ ကိုကိုကြီးနဲ့ နီးစပ်သူ တချို့လောက်ရဲ့ သဘောထားနဲ့ဘဲ ဘာကြောင့် အမျိုးသားရေး ကိစ္စဆိုပြီး သတ်မှတ်လိုက်တာလဲရှင့်။

ဒီမိုကရေစီအင်အားစုတွေအားလုံးက သတ်မှတ်တယ် ဆိုရင်ရော ဒါဟာအမျိုးသားရေးကိစ္စဖြစ်သွားပြီလား။ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်နေတဲ့  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ ရဲ့ သဘော ဆန္ဒကို မယူသင့်ဘူးလား။ သူတို့ သဘောမပါဘဲနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရသစ်နဲ့ သဘောထားခြင်းတူရုံနဲ့ အမျိုးသားရေးကိစ္စလို့သတ်မှတ် လို့ရပါ့ မလားရှင့်။အခု ရိုဟင်ဂျာ ရခိုင်အရေး အခင်းမှာ တာဝန်အရှိဆုံးက ဘယ်သူလဲ။ ကိုကိုကြီး စဉ်းစားကြည့်ပါ။

လက်ရှိ တက်နေတဲ့သမ္မတ ဦးသိန်းစိန် နဲ့ သူ့အောက်က ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေဘဲ။ တိုင်းပြည်အုပ်ချုပ်နေရင်ကိုယ့်လူထုအကြောင်းကို ကိုယ်သိရ မှာပေါ့။ ရိုးရိုးသားသား ဖြစ်ဦးတော့ ရခိုင်ပြည် နယ်မှာ ဒါမျိုးဖြစ်လာရင် လူမျိုးရေးပဋိပက္ခဖြစ်သွားနိုင်တယ် ဆိုတာ ကလေး က အစသိတယ်။ ဖြစ်ဖြစ်ခြင်း ဘယ်ဘက်ကဘဲ ကျူးလွန်ပါစေ၊ ပြစ်မှုကျူးလွန်သူနှစ်ဖက်လုံးကို ချက်ခြင်း အရေးယူ၊ လုံခြုံရေးတပ်ဖွဲ့တွေ ချက်ခြင်းချ၊ လူထုအတွင်း ရှင်းလင်းမှုတွေ ချက်ခြင်းလုပ်။

အဓိကရုဏ်း မဖြစ်အောင် တားဆီးနိုင်ရမှာပေါ့။ သည်လို ဘာကြောင့် မလုပ်ခဲ့သလဲ။ သမိုင်းအတွေ့အကြုံတွေ အရစဖြစ်ကထဲက ကျမတို့ မှာ သံသယရှိခဲ့တာ။ အခု နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့အစည်းကြီးဖြစ်တဲ့  Human RightsWatch ရော အခြားလူ့အခွင့်အရေး အဖွဲ့ အစည်းတွေ အတော်များများကပါ က ဦးသိန်းစိန် အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို အတိအကျစွပ်စွဲလာတဲ့ အခါကျ တော့မှ ကျမတို့ ပိုပြီး သေချာသွားတယ်။

တကယ်တော့ သံလျှက်တော်ယူတဲ့ သူခိုးက ဆိုတဲ့ ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်က သူခိုးဖြစ် နေတာဘဲ မဟုတ်လား။ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာ မဟုတ်ဘူးလား။ အားနည်းသူရိုဟင်ဂျာတွေကို ဖိနှိပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကို ကာကွယ်သယောင်ပြပြီး စစ်တပ်ကို လူစွမ်းကောင်းနေရာမှာရောက်အောင်တွန်းတင်တဲ့ အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းကြံစည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့်ပါခြင်ရတာလဲ။

ရိုဟင်ဂျာတွေ ၀င်လာတာဟာ အမျိုးသားရေးကို ထိပါးတယ်၊ အမျိုးသား လုံခြုံရေးပြသနာဖြစ်တယ် ဆိုရင် တရုတ်တွေကိုတော့ ဘာကြောင့်အရေးမယူသလဲ။ မန္တေလေး တမြို့လုံးလောက်နီးနီး တရုပ်တွေ သိမ်းထားသလို ဖြစ်တာဘယ်လိုရှင်းမလဲ။ လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ်လာဘ်ထိုးပြီး နိုင်ငံသားလက်မှတ် အမျိုးမျိုး ကိုင်နေကြတာတွေကိုဘယ်လို ရှင်းမလဲရှင့်။

နိုင်ငံခြားသားတွေ ဆယ်စုနှစ်တချို့အတွင်း သန်းတချို့ချီပြီး ၀င်လာတဲ့ ကိစ္စမှာ အဓိက တာဝန်ရှိသူတွေဟာ ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်ကို အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ မဟုတ်ဘူးလား။ တရုတ်ပြည်ကအခု အချိန်မှာ အင်အားတောင့်တင်းနေတော့ စစ်အာဏာရှင်တွေက ကြောက်တာကြောင့် တရုတ်ကိုတော့ ဘာမှ သွားပြီးပြဿနာ မရှာရဲ၊ အားနည်းတဲ့ ရိုဟင်ဂျာတွေကို ဖိထောင်းပြတာမျိုးဟာ တရားရဲ့လား။ သည်လိုတရားမဲ့ လုပ်တဲ့အတွက် မကောင်းတဲ့ အကျိုးဆက်အနေနဲ့ ရခိုင်အမျိုးသားလူထုတွေ အတွင်းမှာ မတည် မငြိမ် တောက်လျှောက် ဖြစ်၊ ကိုယ့် လုံခြုံရေးတောင် ကိုယ်စိတ်မချရဘူး ဆိုရင် စီးပွားရေး လဲ စိတ်အေးလက်အေး လုပ်ခွင့်မရ၊ ဒီ လိုအခြေအနေဟာ ရခိုင် လူထုအတွက် အမျိုးသား အကျိုးစီးပွား လို့ ပြောနိုင် ပါ့မလားရှင့်။

ကျမတို့ မိသားစုအနေနဲ့ကတော့ ရိုဟင်ဂျာလူထုအပေါ်ဖြစ်ဖြစ်၊ ရခိုင်လူထုအပေါ်ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖေါက် တာ၊Genocide လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှာ မျိုးကိုတော့ ဘယ်လိုနည်းနဲ့ ဘယ်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ဘူး ဆိုတဲ့အကြောင်း ကိုကိုကြီးကို အသိပေးလိုက်ပါရဲ့ ရှင်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စိတ်ဓါတ်ကို ကျမတို့ မိသားစုဟာ အသက်နဲ့ရင်း ဘ၀နဲ့ရင်းပြီးထူထောင် ခဲ့ရတာပါ။ တချိန်ကျရင် စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ ပြုတ်ပြုတ်ပြုန်းသွားလိမ့်မယ် လို့  လုံးဝယုံ ကြည်တယ်။တော်လှန် ရေးဟာ မပြီးသေးဘူးလို့ ကျမတို့ ခံယူတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲဟာ နည်းလမ်းပေါင်းစုံနဲ့အရှိန် အဟုန်ပြင်းပြင်းလာဦးမယ်လို့ ကျမတို့ တွက်တယ်။ အရေးကြီးတာက စိတ်ဓါတ်ဘဲ။ ကျောင်းသားခေါင်းဆောင်ဆလိုင်း ကိုတင်မောင်ဦးဟာ သူ့ အသက်ကို ပေးပြီး စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ကို အမြင့်ဆုံးတင်သွားခဲ့တယ်။

ကိုကိုကြီး ပြောလိုက်တဲ့ စကား တလုံး၊ နောင်သည်လိုမျိုး ဆက်ပြောနိုင်တဲ့ စကားလုံးတွေ ကြောင့် ကျောင်း သားတွေ၊လူထုတွေ စိတ်ဓါတ် ဦးကျိုးသွားမှာကို စိုးရိမ်တယ်။

စစ်အာဏာရှင်စနစ်ကို အသက်သွင်းတဲ့ စစ်ခေါင်းဆောင်အဆက် ဆက် အောက်မှာ ကိုကိုကြီးပြောတဲ့ တပ်မတော် ဆိုတာ ဟာ လူထုကို ကာကွယ်တဲ့ အနှစ်သာရပျက်ယွင်းနေတဲ့ အဖွဲ့အစည်းဖြစ်တာ ကြာနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းစတင်တည် ထောင်ခါစက လူထုချစ်တဲ့တပ်မတော် ဆိုတာ သမိုင်းထဲမှာဘဲ ကျန်သွားပြီ။ တိုင်းရင်းသား ပေါင်းစုံ လူထုတွေ ကိုသာမက သံဃာတော်တွေ ကိုပါ ပစ်သတ်တဲ့ "သတ်မတော်” ဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ် အောက်မှာစစ်ခေါင်း ဆောင်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ရက်စက်မှုတွေ ကြောင့် အမျိုးသား စည်းလုံးညီညွတ် ရေးပြိုကွဲခဲ့တာဘဲရှင့်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို စစ်အာဏာရှင် စနစ်ရှိနေသမျှ ကိုကိုကြီးစိတ်ကူး မယဉ် စေခြင်ဘူး။
ရဲရင့်တဲ့ ကျောင်းသားခေါင်းဆောင် တဦး အနေနဲ့ ခင်ဗျားတို့ စစ်ခေါင်းဆောင်တွေစစ်အာဏာ ရှင်စနစ် ကို အရင်ဖြုတ်ပါလို့ ဘာကြောင့် မပြောသလဲ ရှင့်။

ရိုဟင်ဂျာကို လက်ညှိုးထိုးပြီး အဲဒီ စစ်တပ်ကို သူရဲကောင်းလို လူထုတွေက ထင်ယောင် ထင်မှား ဖြစ်လာစေ မယ့်စကားမျိုးတွေကို ကျောင်းသားခေါင်းဆောင်တဦးနေရာကနေ မသုံးဘို့  မေတ္တာရပ်ခံပါရစေရှင်။

မတရားမှုကို ဆန့်ကျင်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့ ရဲ့ခွပ်ဒေါင်း စိတ်ဓါတ် ကို ပြန်လည်တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့် ကျင့်တိုက်ပွဲဝင်သွား မယ့် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် ကိုကိုကြီး ကို မြင်တွေ့ လိုပါကြောင်း ပြောရင်း သည်စာကို နိဂုံးချုပ်လိုက်ပါတယ်။

မလှမြိုင် (ခေါ်) မိုင်ပိုပို
ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ၏ မိသားစု တစုလုံးကိုယ်စား
ဇူလိုင်လ (၃၀) ရက် ၂၀၁၂ ခုနှစ်

Friday, April 20, 2012

ဒုဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သို့ အိတ်ဖွင့်ပေးစာ (အိတ်ဖွင့်ပေးစာ)

0 comments
သို့
ဗိုလ်ချူပ်မှူးကြီးခင်ဗျား

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရဟာ ပြုပြင်ပြောင်းလဲရေးဆိုပြီး နိုင်ငံတကာနဲ့ ပြည်တွင်း နယ်ပယ်အသီးသီမှာ image တက်အောင် လုပ်ကိုင်ပြနေသော်လည်းပဲ          တပ်မတော် အတွင်းမှာတော့ အဲဒီလို ကောင်းသောပြောင်းလဲမှုတွေနဲ့ လားလားမှ မသက်ဆိုင်သလို ရှိနေပါတယ်။ ယခင်ကလို စီးပွားရေးလုပ်ငန်းတွေကို လှည့်လည်စစ်ဆေး အကြောင်းရှာဖို့ မဖြစ်နိုင်တော့တာမို့ နိုင်ရာဖိထောင်းတတ်တဲ့ စစ်အာဏာရှင် ဗိုလ်ချူပ်တွေရဲ့ အမူအကျင့်အတိုင်း တိုင်းစစ်ဌာနချူပ် နယ်မြေအတွင်းက တပ်ရင်းတပ်ဖွဲ့များအား အကြိမ်ကြိမ် လှည့်လည်ရင်း တပ်စစ်နေပါတော့တယ်။

ယောကျာင်္းက တပ်စစ်၊ မိန်းမက စည်းကော်စစ်နေချိန်မှာ တပ်ရင်းတပ်ဖွဲ့များအတွက် ဧည့်ခံစရိတ်ထောင်းပြီး မညှစ်ထုတ်နိုင်တော့လို့ လာစစ်တဲ့ ဗိုလ်ချူပ်တွေကိုလည်း မျက်နှာညိုစေပါတယ်။ အဲဒီဗိုလ်ချူပ်တွေဟာ မည်သည့်ထောက်ပံ့မှုမျိုး၊ ဖြည့်ဆည်းမှုမျိုးမှ မလုပ်ပေးနိုင်ပဲနဲ့ သက်သာဆိုင်၊ ဆံသဆိုင်၊ ရိပ်သာ စတဲ့ အဆောက်အဦးတွေကို အုတ်ကာ၊ သွပ်မိုးဖြစ်ရမယ်လို့ ဇွတ်အတင်း ညွှန်ကြားချက်တွေကြောင့် တပ်မှူးတွေအနေနဲ့ မိမိကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်လုပ်ရမဲ့သဘော ဖြစ်နေပါတယ်။

ယခု လေတပ်ထဲမှာ တိုက်လေယာဉ်များနဲ့ MI - 24 P တိုက်ခိုက်ရေး ရဟတ်ယာဉ်များအား ပုံမှန်မဟုတ်ဘဲ 2011 ခုနှစ် ဒီဇင်ဘာလမှစပြီး စစ်ဆင်ရေး stand by အသင့်အနေအထား လုပ်ခိုင်းနေလို့ လေသူရဲများဟာ စိတ်ပျက် ညီးညူနေကြပါတယ်။     မကြာသေးမှီကလေးကမှ လေတပ်က အရာရှိတချို့ကို ကာကွယ်ရေးဦးစီးချူပ် (လေ) ဗိုလ်ချူပ်ကြီးမြတ်ဟိန်းဟာ အင်တာနက် သတင်း စာမျက်နှာတွေပေါ်မှာ ရေးသားမှုနဲ့ ပြင်းထန်စွာ အရေးယူတဲ့အပေါ် ဗိုလ်ချူပ်မှူးကြီးအနေနဲ့ သက်ညှာစွာ ပြန်လည် စဉ်းစားပေးသင့်ပါတယ်။

လေတပ်ရှိ အရာရှိစစ်သည် အများစုဟာ မြို့ကြီးပြကြီးများနဲ့ လူထုကို ထိတွေ့ဆက်ဆံမူ ပိုမို ရရှိတာနဲ့အမျှ ပညာထူးချွန်သူများ ဖြစ်နေတာကြောင့် အင်တာနက် သုံးစွဲနိုင်သူ များပြားပြီး သုံးစွဲနိုင်တဲ့ အခွင့်အလမ်းလည်း ပိုရှိပါတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ မှန်ကန်သင့်မြတ်ပြီး နိုင်ငံတစ်ခုမှာ မရှိမဖြစ်တဲ့ တပ်မတော်ကို ဂုဏ်ကျက်သရေ ရှိစေချင်သူများ ဖြစ်ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးကို တပ်တွင်းအောက်ခြေကအစ နိုင်သလောက် လုပ်ရမှာ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ သိပါလိမ့်မယ်။ ဒါကြောင့် အဲဒီလေတပ် အရာရှိသုံးဦးကို ပစ်မှတ်မထားသင့်ဘဲ တပ်တွင်း သက်သာချောင်ချိရေးကိုသာ အမှန်တကယ် ထိထိရောက်ရောက် ပြုလုပ်ပေးသင့်ပါတယ်။

မတရားမှုတွေကိုလည်း တပ်အတွင်းမှာ ကိန်းအောင်းခွင့် မပေးသင့်တော့ဘူးလို့ ယုံကြည်ပါတယ်။  ဗိုလ်ချူပ်မှူးကြီးတို့ အထက်အကြီးအကဲများ ဖြစ်ကြတဲ့ လက်ရှိအစိုးရက ဒီမိုကရေစီ အနှစ်သာရများ ပီပြင်လာစေဖို့ သက်သေပြတဲ့ အနေနဲ့ မီဒီယာများတွင် လွတ်လပ်စွာ တင်ပြနိုင်တဲ့ အခွင့်အရေးများ ပေးနေပြီဖြစ်သလို လက်နက်ကိုင်  ယှဉ်တိုက်ခဲ့တဲ့ ရန်သူများကိုပင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ အမှန်တရားကို ရင်ဖွင့်တဲ့ အဲဒီအရာရှိတွေကို နှိပ်ကွပ်ရုံနဲ့ ရပ်တန့်ကြောက်ရွံ့သွားကြမှာ မဟုတ်ဘဲ တပ်မတော်သား အများစုဟာ ပိုမိုကရုဏာသက်လာပြီး ရင်ထဲကဆန္ဒများအား ဆက်လက်ဖေါ်ထုတ်ဖို့ ကြိုးစားသွားကြမှာ ဧကန်မုချ ဖြစ်ပါတယ်။

ဗိုလ်ချူပ်မှူးကြီးအား တစ်ခုထဲ ပြောလိုသည်မှာ စစ်တပ်တွင် ဒီမိုကရေစီပေးလို့ မရသည်မှာ အတိုင်းအတာတစ်ခုအထိ မှန်သော်လည်း တပ်တိုင်းပြုလုပ်နေကြ ဆန္ဒဖေါ်ထုတ်ပွဲ (ဒါဘာ) တွေဆိုတာ စစ်မှန်မှုရှိရဲ့လား ဘာအနှစ်သာရလဲလို့ မေးချင်ပါတယ်။ အဖြေပေးစေလိုပါတယ်။ ရဲဘော်တွေရဲ့ ပါးစပ်ဖျားမှာ ဒါပါဘဲကွာလို့ စိတ်ပျက်ညီးညူသံတွေကို ပျောက်အောင် မလုပ်သရွေ့ တပ်မတော်အင်အားရှိဖို့ တိုင်းပြည်အင်အားရှိဖို့ မဖြစ်နိုင်သေးသလို အင်တာနက် စာမျက်နှာတွေပေါ်မှာလည်း ဖြစ်ရပ်မှန်များ ပျောက်ကွယ်ဆိတ်သုန်းသွားမှာ မဟုတ်ပါကြောင်း လေးလေးနက်နက် တင်ပြလိုက်ရပါတယ်။

Wednesday, February 22, 2012

ကိုထိန်လင်း သို့ အိတ်ဖွင့်ပေးစာ

0 comments
ကိုထိန်ရေ ဒီရက်ပိုင်းထဲမှာ မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းတွေရဲ့ မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား (၂) ပွဲကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ရန်ကုန်မှာ၊ (၁၂)ရက်နေ့က မန္တလေးမှာ ကျင်းပခဲ့တော့ အဲဒီနှစ်ပွဲစလုံးကို ကျွန်တော် အလေးအနက်ထားပြီး တက်ဖြစ်အောင် တက်ခဲ့တယ်။ ရန်ကုန်မှာလုပ်တဲ့ ပွဲမှာ ခင်ဗျားနဲ့ ကျွန်တော်ပြန်ဆုံ ဖြစ်ခဲ့ပြီး စကားနည်းနည်းလောက်ပဲ ပြောဖြစ်ခဲ့ကြလို့ ကျွန်တော် သဘောထားကို ဒီပေးစာနဲ့ ခင်ဗျားဆီလှမ်းပြောလိုက်တာပါ။
          ခင်ဗျားနဲ့ ကျွန်တော်စပြီး တွေ့ဖြစ်ခဲ့ကြတာဟာ 1999 ခုနှစ်ဝန်းကျင်ဆိုတော့ရယ်၊ မန္တလေးထောင်ထဲမှာ အကျဉ်းသားဘ၀နဲ့ ဆုံခဲ့ကြတာရယ်ကို မှတ်မိနေပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ခင်ဗျားတို့ မြောက်ပိုင်း အေဘီပြန်ထွက်ပြေးလားပြီး နောက်ပိုင်းကာလ စစ်အစိုးရက နိုင်ငံရေးမှုနဲ့ ထောင်ချလိုက်တဲ့ ကာလဆိုတာကိုလည်း သတိရမိနေပါသေးတယ်။ ခင်ဗျားနဲ့ အမှုတွဲ ဖြစ်နေတဲ့ မြောက်ပိုင်းအေဘီပြန် ရဲဘော်တွေထဲက ကိုရာပြည့်၊ ကိုအငယ်လေး၊ ကိုစံလွင်လေး၊ ကိုရဲလင်း၊ ကိုမိုးကြီး(မိုးဇော်ထွန်း)၊ ကိုဘိုဘို(မိုးကျော်သူ)၊ ဖိုးကျော်(ကျော်ဝင်းဆွေ) တို့လည်း ထောင်ကျ အကျဉ်းသားတွေ ဖြစ်နေကြတဲ့အချိန်လေ။ တခြားဘယ်တွေ မန္တလေးထောင်ထဲမှာ ရှိသေးသလဲဆိုတာ အခုပြန်စဉ်းစားတော့ ကျွန်တော်မမှတ်မိဘူး။ တခြားထောင်တွေမှာ ထောင်ကျနေတဲ့ မြောက်ပိုင်းအေဘီပြန် ကျောင်းသားရဲဘော်တွေ ဘယ်လောက်ရှိသလဲဆိုတာကိုလည်း မမေးဖြစ်ခဲ့လို့ မသိခဲ့ဘူး။
          ဒီမိုကရေစီတောလှန်ရေးအတွက် အသက်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ခင်ဗျားတို့ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး နှိပ်စက် ညှဉ်းပန်းခဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ (အဲ့ဒီတုန်းက) ခေါင်းဆောင်နေရာ ရယူထားခဲ့တဲ့ လူတွေအနေနဲ့ ခင်ဗျားတို့တစ်တွေကို စစ်အစိုးရက နိုင်ငံရေးမှူးနဲ့ ထောင်ချလိုက်တဲ့ သတင်းမျိုးမကြားဘဲ မနေပါဘူး။ အဲဒီသတင်းကို သူတို့ကြားတဲ့ အချိန်မှာ ဘယ်လိုမှတ်ချက်မျိုးပေးခဲ့ကြသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်ထင်တယ် ကိုထိန်ရေ။ ပြီးတော့ ဘုမသိဘမသိဘဲ ခင်ဗျားတို့ကို စစ်ထောက်လှမ်းရေးလို့ ထင်မှတ်ခဲ့၊ ယုံကြည်ခဲ့ကြသူတွေရဲ့ အမြင်သဘောထား ဘယ်လိုရှိခဲ့ကြသလဲ ဆိုတာကိုလည်း စိတ်ဝင်စားမိပါသေးတယ်။
          ဒီလူတွေက အခု နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာတဲ့အထိ ခင်ဗျားတို့တစ်တွေကို စစ်အစိုးရက လွှတ်လိုက် (တာဝန်ပေးလိုက်) တဲ့ ထောက်လှမ်းရေးတွေလို့ ယုံကြည်နေကြတုန်းပဲလား။ ခင်ဗျားတို့ ဒုက္ခတွေကို ကိုယ်ချင်းစာစိတ်နဲ့ အမှန်တရားဘက်က ငါတို့လည်း ရပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မချနိုင်ရင်တောင်မှ ခင်ဗျားတို့တစ်တွေဟာ စစ်ထောက်လှမ်းရေး မဟုတ်ခဲ့ကြပါဘူးလို့ အခုအထိ သဘောမထားနိုင်ကြ သေးဘူးလား။ အနှစ်နှစ်ဆယ်ဆိုတဲ့ အချိန်ဟာ အဖြေမှန် ထုတ်နိုင်ဖို့အတွက် လုံလောက်လွန်းမကအောင် လုံလောက်ခဲ့တဲ့ အချိန်ပါ။ လူတစ်ယောက် (ခင်ဗျားတို့ တစ်အုပ်စုလုံး)ရဲ့ အဖြူအမည်းကို သဲသဲကွဲကွဲ မြင်လို့ကြည့်လို့ရတဲ့ ကာလရှည်ကြီးပါ။ လူတစ်ယောက်ချင်းစီကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ရုံတင်မကဘဲ နိုင်ငံရေးဘ၀ နာလန်မထူအောင် နိုင်ငံရေးလူညွန့်တုံးအောင် လုပ်ကြံခံခဲ့ရ သူတွေ အတွက် နိုင်ငံရေးနာလန်ထပြီး နိုင်ငံရေးဘ၀အညွန့်တလူလူ ဖြစ်လာခွင့်ကို ပြန်ရသင့်တဲ့ကာလလည်း ဖြစ်ပါတယ်။
          ခင်ဗျားတို့တစ်တွေက ကိုယ့်ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်တဲ့၊ တစ်ယောက်ချင်းစီရဲ့ နဂိုအဆင့်နေရာတွေ (ရာထူးမဟုတ်၊ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ဝင် ရဲဘော်ဆိုတာ)ကို ပြန်ရောက်နိုင်ရေးအတွက် နိုးထ ရုန်းကန်တဲ့ အခမ်းအနားနှစ်ခု ကျင်းပခဲ့တာကို ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတွေ သူငယ်ချင်းတွေကတော့ ထောက်ခံအားပေးခဲ့ကြတယ်ဆိုတာ ခင်ဗျားသိပြီးသားပါ။
          မန္တလေးမှာ လုပ်တဲ့ ပွဲမတိုင်ခင် တစ်ရက်ကြိုပြီး ကျွန်တော်ရောက်သွားတော့ (အဲဒီတုန်းက) မတရားနှိပ်စက်ညှဉ်းပန်းတာ ကိုမခံနိုင်တာကြောင့် ထောက်လှမ်းရေးပါလို့ ၀န်ခံခဲ့ကြရတဲ့ ခင်ဗျားတို့ ရဲဘော်တချို့ရဲ့ စကားဝိုင်းထဲက ပြောကြတာတွေ ကြားရတယ်။ အတော့်ကို ထိတ်လန့်ချောက်ချားခဲ့ ရပြီး ကြေကွဲဝမ်းနည်းစိတ်တွေနဲ့ ကျွန်တော်မျက်ရည်လည်ခဲ့ရတယ်။ ဘယ့်နှယ်ဗျာ။
          ကိုထိန်ရေ ခင်ဗျားတို့ အမှုတွဲထဲက ကိုရာပြည့်နဲ့ ကျွန်တော် မန္တလေးထောင်ရဲ့ တိုက်ခန်းတစ်ခုတည်းမှာ အတူတူ နေခဲ့ရသေးတယ်ဗျ။ ကျွန်တော် မေးကြည့်လို့ သူပြန်ပြောပြတဲ့ မြောက်ပိုင်းအေဘီမှာတုန်းက ထောက်လှမ်းရေးဆိုပြီး ၀န်ခံလာအောင် နှိပ်စက်ခဲ့တဲ့ ဇာတ်ကွက်တွေက ရက်စက်ပါပေ့ကွယ် ဆိုတဲ့ စကားလုံးနဲ့ မလုံလောက်ခဲ့ပါဘူး။ မြောက်ပိုင်းအေဘီမှာ ထောက်လှမ်းရေးလို့ စွပ်စွဲခံခဲ့ရတဲ့ ကိုရာပြည့်လည်း စစ်အစိုးရရဲ့ ထောင်ထဲမှာ (၁၀) နှစ် ကျော်လောက်ကြာတော့ အသည်းရောင်အသားဝါစီနဲ့ ကွယ်လွန်သွားခဲ့တယ် ဆိုတာသိရတယ်။ (၂၀၀၉) လောက်တုန်းက ထင်တယ်။ အဲဒီကိုရာပြည့်လည်း စစ်အစိုးရက တာဝန်ပေးခဲ့တဲ့ စစ်ထောက်လှမ်းရေးပဲလားလို့ သူတို့ကို မေးကြည့်ချင်တယ်ဗျာ။
          မန္တလေးမှာ ပွဲလုပ်တဲ့နေ့ (၁၂၊ ဖေဖော်ဝါရီ) ရဲ့ ညနေပိုင်း ကျွန်တော်တို့ ကားပိတ်မသွားခင်မှာ မြောက်ပိုင်းအေဘီတုန်းက ခင်ဗျားတို့လိုပဲ ပြဿနာအရှာခံ ခဲ့ရတဲ့ ကိုဖိုးစန်းနဲ့ စကားထိုင်ပြောကြသေးတယ်။ ကျွန်တော်ရယ် ကိုဌေးလွင်ရယ် ကိုသိန်းဌေးရယ်။ ကိုဖိုးစန်းက အစောပိုင်း အဖမ်းခံထားရတဲ့ လူတွေရဲ့ ထောက်လှမ်းရေး ၀န်ခံချက်ဗွီဒီယိုမှတ်တမ်းတွေ ရိုက်ပေးခဲ့ရတာတဲ့။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ကိုလည်း ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ညှဉ်းပန်း နှိပ်စက် ၀န်ခံခိုင်းခဲ့ ကြတာတဲ့။ သူကလည်း ခံခဲ့ရတဲ့ အကြောင်းတွေ ပြောပြပါသေးတယ်။ အဲဒီကာလတွေတုန်းက မြောက်ပိုင်း အေဘီမှာ ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ သူတို့ကို နာခံသူတွေ၊ အဆင်ပြေသူတွေ ကပဲ တော်လှန်ရေး သမားအစစ်တွေ ဖြစ်နေခဲ့ပြီး ကျန်တဲ့ သူတွေကတော့ မြင်မြင်သမျှ၊ အမ်အိုင်ကွ လို့ သတ်မှတ်ခံနေရတဲ့ ကာလမျိုးဖြစ်နေခဲ့တာကိုး။ အဲဒီသဘောမျိုး ခပ်ဆင်ဆင်ဖြစ်နေမယ်ဆိုရင် ခင်ဗျား သဘောတူနိုင်မလား ကိုထိန်။
          ကိုဖိုးစန်းပြောပြတဲ့အထဲမှာ ခင်ဗျားအကြောင်းတောင်ပါသေးတယ်။ ခင်ဗျားကို အဲဒီလူတွေက အဆိပ်ခတ်မဲ့ ထောက်လှမ်းရေးလို့ စွဲချက်တင်ပြီး စစ်ဆေးနေတာတဲ့။ ခင်ဗျားက အကျောက်အကန် ငြင်းပေမယ့် နှိပ်စက်လွန်းလို့ နာသထက်နာလာပြီး မခံနိုင်တဲ့ အဆုံးမှာ ခင်ဗျားသိမ်းထားတယ်ဆိုတဲ့ အဆိပ်ပုလင်းကို ရုံးခန်းထဲက လာယူပြီးပေးခဲ့ရတယ်ဆိုပဲ။ ခင်ဗျားလက်ကို ကြိုးတုပ်ပြီး ခေါ်လာတာကို ကိုဖိုးစန်းက ထိုင်ကြည့်နေတာတဲ့။ ခင်ဗျားက မှင်အိုးကို ပြပြီး၊ ယူပြီးတော့ သူတို့နဲ့ အတူတူကြိုးတန်းလန်းနဲ့ အခန်းထဲက ပြန်ထွက်သွားတယ်တဲ့။ နောက်ပိုင်းမှာ ကိုဖိုးစန်းလည်း  ထောက်လှမ်းရေး စွပ်စွဲချက်နဲ့ အဖမ်းခံရတော့ ခင်ဗျားနဲ့အတူတူ နေရချိန်မှာ မှင်အိုး(ပုလင်း) ကိစ္စမေးတယ်တဲ့။ ငါ့ကို ဖွက်ထားတဲ့အဆိပ်ပုလင်းပေးရမယ်ဆိုတော့ ငါလည်းဘာမှ ပေးစရာမရှိတာနဲ့ မှင်ပုလင်းကို အဆိပ်ပုလင်းဆိုပြီး အပ်လိုက်ရတာကွ လို့ပြောတဲ့ အကြောင်းပါ ပြန်ပြောပြသေးတယ်။ ကိုဖိုးစန်းက ဒီမှင်တွေကို ဟင်းအိုးထဲခပ်ရင် တအိုးလုံးပြာသွားမယ် ဆိုတာတောင် အဲဒီကောင်တွေ မစဉ်းစားတတ်ဘူးလားမသိဘူး လို့ရယ်ကျဲကျဲနဲ့ ကျွန်တော်တို့ကို ပြောသေးတယ်ဗျ။
          အဲဒီနေ့က လုပ်တဲ့ မန္တလေးက အခမ်းအနားကို ခင်ဗျားက ပြန်ရမှာမို့ မလာနိုင်ပေမယ့် မန္တလေးမြို့က ဂဠုန်နီဆရာတော်အပါအ၀င် ထောင်ထွက် သံဃာတော်တွေ နိုင်ငံရေးသမားတွေ အထက်ဗကသ ဥက္ကဌဟောင်းကို သန့်ဇင်အပါအ၀င် ထောင်ထွက်ကျောင်းသူ ကျောင်းသားတွေ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ မိသားစုတွေနဲ့ အတူ ရန်ကုန်ကလာကြတဲ့ ကိုမြအေး၊ ကိုထွန်းမြင့်အောင်တို့ အပါအ၀င် (၈၈)မျိုးဆက်တွေ၊ မွေးစားသားအသတ်ခံရတဲ့ ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ စိတ်ဝင်စားသူတွေ အတော်များများလာရောက်ခဲ့ ကြတယ်ဗျ။ အဲဒီအခမ်းအနားကို တက်ရောက်လာ ကြသူတွေ အားလုံးဟာ ပါးစပ်ကဖွင့်မပြောကြပေမယ့် ခင်ဗျားတို့ တစ်တွေအပါအ၀င် မြောက်ပိုင်းအေဘီဂွင်ထဲမှာ မတရားအသတ်ခံခဲ့ကြရတဲ့ ကျောင်းသားရဲဘော်တွေကို စစ်ထောက်လှမ်းရေးတွေ မဟုတ်ဘူး၊ တော်လှန်ရေး ရဲဘော်တွေလို့ အသိအမှတ်ပြုလိုက်တာပါပဲ ကိုထိန်ရေ။
          အဲဒီအခမ်းအနားကို လာရောက်ကြတဲ့ သံဃာတော်တွေ အပါအ၀င် လူပုဂ္ဂိုလ်တွေ အားလုံးဟာ ကိုထိန်တို့အပါအ၀င် နိုင်ငံရေးအရပါ အသတ်ခံလိုက်ရတဲ့ ကျောင်းသားရဲဘော်တွေဘက်က တကယ့် အမှန်တရားဘက်က ထွက်ရပ်ပြလိုက်တဲ့ အင်အားတွေလို့ ကျွန်တော်က လုံးဝယုံကြည်တယ်ဗျ။ မတရားမှုဆိုတာကို ဘယ်လိုနည်းနဲ့ပဲ ဖုံးအုပ်ဖျောက်ဖျက်ပြီး လှည့်ကွက်ဆင် မျက်လှည့်ပြခဲ့ပေမယ့်၊ ဖွင့်ချချိန်တန်လို့ ပွင့်ကျလာရင် ဗူးပေါ်သလို ပေါ်လာတာပဲ ဆိုတဲ့ သဘာဝတရားကို  ဘယ်လို သကောင့်သား အာဏာရှင်မျိုးကမှ ဖီဆန်လို့ မရခဲ့ပါဘူး ကိုထိန်။ ခင်ဗျားတို့လို ခံခဲ့ရတဲ့ ဘက်က လူတွေ အနှစ်နှစ်ဆယ်လုံး အောင့်အည်း မြိုသိပ်ကြိတ်မှိတ်ခံခဲ့ရတဲ့ အကြောင်းတွေထဲမှာ ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းနစ်နာသွားမှာကို စိုးရိမ်ခဲ့တာ၊ စစ်အစိုးရဘက်က ၀မ်းသာပြီး အသုံးချသွားမှာကို စိုးရိမ်ခဲ့တာ၊ ဗမာပြည် ဒီမိုကရေစီတော်လှန်ရေးကြီး တစ်ခုလုံးအပေါ် အရှိန်ဟပ်ပြီး ထိခိုက်သွားမှာစိုးတာတွေကြောင့်ဆိုတာ ခင်ဗျားတို့နဲ့ စကားပြောရင်းနဲ့ နားလည်ခဲ့ပါတယ်။ အဲ့ဒီလို ခင်ဗျားတို့ စိုးရိမ်စိတ်တွေနဲ့အတူ၊ ခင်ဗျားတို့ရဲ့ နိုင်ငံရေးဘ၀တွေ ညှိုးနွမ်းခြောက်သွေ့ခဲ့ရ၊ နိုင်ငံရေးဘ၀ သေခဲ့ရတာတွေကိုလည်း ကျွန်တော်နားလည်စာနာခဲ့ပါတယ်။ ဘယ့်နှယ်ဗျာ……..။
          အခုတော့ ခင်ဗျားတို့ရဲ့ အနာဂတ်နိုင်ငံရေးဘ၀တွေအတွက် ခင်ဗျားတို့ ကြုံခဲ့ရတဲ့ အခြေအနေ အစစ်အမှန်ကို ဖော်ထုတ် ဖွင့်ချလိုက်ကြပါပြီ။ ကျွန်တော်ကြိုဆိုပါတယ်။ ကျွန်တော့်လို စိတ်ဓါတ်ရှိကြတဲ့ ပြည်တွင်းပြည်ပက အမှန်တရားလိုလားကြသူတွေ၊ မတရားမှုကို ဆန့်ကျင်ကြသူတွေကလည်း ခင်ဗျားတို့ ရုန်းထရပ်ပြလိုက်တာကို လက်ကမ်းကြိုကျမှာပါ။ ကြိုနေကျသူတွေ အများကြီးကိုလည်း မြင်ခဲ့ရပြီးပါပြီ။ ခင်ဗျားတို့ဘ၀မှာ လိုချင်တာက တစ်ခုတည်းပါ။ အဲ့ဒါကတော့ မြောက်ပိုင်းအေဘီမှာ အသတ်ခံရသူတွေနဲ့ နှိပ်စက်ညှင်းပန်းခံခဲ့ရသူတွေဟာ စစ်ထောက်လှမ်းရေးမဟုတ်ခဲ့ကြပါဘူး ဆိုတာပါပဲ။ ဟုတ်တယ်မဟုတ်လား ကိုထိန်။
          အခုအချိန်အထိ ခင်ဗျားတို့ကို ထောက်လှမ်းရေးလို့ စွဲချက်တင်ထားသူတွေနဲ့ ယုံကြည်လက်ခံထားသူတွေကို ကျွန်တော်မေးချင်တာ တစ်ခုပဲရှိတယ်။ ကျွန်တော်က အင်တာနက် တက်လေ့မရှိလို့ အဲ့ဒီလူတွေကို ကျွန်တော့်ကိုယ်စား ကိုထိန်ပဲ လှမ်းပြီးမေးပေးစမ်းပါဗျာ။
          မကြာခင်တုန်းက နေအိမ်အကျယ်ချုပ်က လွတ်လာခဲ့တဲ့ ထောက်လှမ်းရေးညွှန်ချုပ်ဟောင်း ဗိုလ်ခင်ညွန့်က ကိုထွန်းအောင်ကျော်နဲ့ ဦးစိန်အပါအ၀င် နှိပ်စက် သတ်ဖြတ်ခံရသူတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူတွေဟာ ငါ့လူတွေမဟုတ်ပါဘူး လို့ ကြေငြာချက် ထုတ်ပေးတော့မှ သူတို့မှားတယ်ဆိုတာကို လက်ခံမှာလားဆိုတဲ့ မေးခွန်းပါပဲ ကိုထိန်းရေ။
          မပြီးပြတ်သေးတဲ့ ဒီမိုကရေစီ အရေးတော်ပုံ ခရီးမှာ လူ့အသက်ရော နိုင်ငံရေးအသက်ပါ အသတ်ခံခဲ့ကြရတဲ့၊ လူအသတ်မခံရပေမယ့် နိုင်ငံရေးဘ၀ အသတ်ခံခဲ့ကြရတဲ့ တော်လှန်ရေးရဲဘော် အားလုံး လူ့ဂုဏ်သိက္ခာ နိုင်ငံရေးဂုဏ်သိက္ခာတွေ ပြန်ရအောင် ၀ိုင်းကြ ၀န်းကြဖို့ အရေးဟာ  အမှန်တရား မြတ်နိုးသူတွေ ဘယ်လိုမတရားမှုမျိုးကို မဆို ဆန့်ကျင်သူတွေ၊ ဒီမိုကရေစီမြတ်နိုးသူတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ ခုလည်းယုံကြည်ပြီး နောင်အနာဂတ်မှာလည်း ယုံကြည်နေအုံးမှာပါ ကိုထိန်ရေ။
          ကိုထိန်နဲ့ ကျောင်းသားတပ်မတော်ကြီးမှာ မတရားအလုပ်ခံရသူ ရဲဘော်အားလုံး နိုင်ငံရေးဂုဏ် သိက္ခာ ပြန်လည်ထွေးပိုက်နိုင်တဲ့ အနာဂတ်ဘ၀မှာ ရှင်သန်ထမြောက်နိုင်ကြပါစေ။ မတရားလုပ်တဲ့ သူတွေက မာယာပရိယာယ် ကြွယ်တယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့ဦး။
          မန္တလေးထောင်မှာ အတူနေခဲ့တဲ့ ခင်ဗျားရဲ့မိတ်ဆွေ
          ဌေးသိန်း(နောင်ကျော်)
16.2.2012
ရန်ကုန်၊ မြန်မာပြည်

Thursday, February 2, 2012

0 comments
ဂျာနယ်များတွင်... အိတ်ဖွင့်ပေးစာ ဟူ၍ သူသူငါငါ ရေးသားနေကြသည့်အတွက် ကျွန်တော်ကလည်း ရောတိရောရာ မာဂျေလည်းပါ ဟူသည့်သဘောဖြင့် ခေတ်မီအောင် ခါတော်မီရေးသားခြင်းမဟုတ်ကြောင်း ဦးစွာ အစီရင်ခံ တင်ပြလိုပါသည်။ 

နိုင်ငံတော်၏ နိုင်ငံ ရေးစနစ်သည် ယခုအခါ ဒီမိုကရေစီစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေသည်မှာ မည်သူမှ မငြင်းနိုင်သော အချက် ဖြစ်ပါသည်။ 

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား ပြန်လွှတ်ပေးခဲ့သည့် သမ္မတကြီး၏လုပ်ရပ်အပေါ် ပြည်တွင်း ပြည်ပမှ လှိုက်လှဲစွာ ကြိုဆိုကြသလို ကျွန်တော်တို့အနေဖြင့်လည်း များစွာ ကျေနပ်အားရမိပါသည်။

အနာဂတ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် အပြုသဘောဆောင်စွာဖြင့် အကောင်း ဘက်သို့သာ ဦးတည်သွားတော့မည်ဟုလည်း ယုံကြည်ပါသည်။ 

အချို့ အမြော်အမြင်ကြီးသူများဆိုလျှင် နဂိုရှိရင်းစွဲ အရောင်များကို မျက်နှာပြောင်ပြောင်ဖြင့် အမြန်ချွတ်နေကြသည်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရှိရပါသည်။ 

သို့သော် နိုင်ငံရေးက ဒိုင်းနမစ်အသွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော်လည်း အစိုးရ၏ အချို့သောယန္တရားများကတော့ စတက်တစ်အသွင် ယခင် အတိုင်း မတုန်မလှုပ်ရှိနေဆဲပင် ဖြစ်ပါသည်။ 

ပိုဆိုးလာသည်မှာ ဒေသဆိုင်ရာ အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား လုပ်ငန်းလုပ်ကိုင်သူများ ဗျာများ လာရခြင်းဖြစ်ပါသည်။ 

ယခင်က သက်ဆိုင်ရာ ၀န်ကြီးဌာနတစ်ခုဖြင့် ပြီးသည့်ကိစ္စကို ယခုအခါ ဒေသဆိုင်ရာ အစိုးရသို့ တစ်ဆင့်တင်ပြီး ပြည်ထောင်စု အစိုးရသို့ ဆက်လက် တင်ပြနေရသဖြင့် လုပ်ငန်းကြန့်ကြာမှုများ ဖြစ်နေရပါသည်။
ဥပမာ တစ်ခုတင်ပြလိုပါသည်။ 

ကျွန်တော်သည် ရိုးရာလက်ဝှေ့ပွဲ စီစဉ် သူတစ်ဦးဖြစ်ပါသည်။ 

လက်ဝှေ့ပွဲတွင် နိုင်ငံခြားသားပါလာသည်နှင့် သက်ဆိုင်ရာ ဒေသအစိုးရ၏ ကက်ဘိနက်အစည်း အဝေးသို့ တင်ပြရပါသည်။ 

ခွင့်ပြုချက်ရပါက ....အထိ ဆက်လက်တင်ပြခွင့် ပြုချက်ရယူပြီး ထိုမှတစ်ဖန် ပြည်ထောင်စုအစိုးရအဖွဲ့ ကက်ဘိနက်အထိ တင်ပြ ခွင့်ပြုချက်ယူနေရသည်မှာ မဖြစ်သင့်သောကိစ္စဟု ယူဆပါသည်။ 

ခေတ်စနစ်နှင့် မလျော်ညီသော ဥပဒေများကိုလည်း ဖျက်သိမ်းပေးရန် အကြံပြု လိုပါသေးသည်။ 

သမ္မတကြီးသိသည့်အတိုင်း ယခုခေတ်အခါသည် အင်တာနက်၊ အီးမေးလ်ကို အသုံးပြု၍ စီးပွားရေး၊ ပညာရေး၊ လူမှုဆက်ဆံရေး လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နေရသည့် ခေတ် ဖြစ်ပါသည်။ 

ထို့ပြင် အဆင့်ဆင့်ချည်နှောင်ထားသော ကြိုးနီစနစ်အတွင်း ပြည်သူများသာမက အစိုးရယန္တရားကို မောင်းနှင်နေသည့် ၀န်ထမ်းများပါ ပိတ်မိနေကြပါသည်။ 

မည်သည့်လုပ်ငန်းတွင်မဆို လိုက်နာရန်ခက်ခဲသော စည်းမျဉ်းဥပဒေများ၊ များပြားလှသည့် လုပ်ငန်းအဆင့်များ ချမှတ်ထားသဖြင့် ရှုပ်ထွေးမှုများ၊ ခွင့်ပြုလိုသည်ကို ခွင့်ပြုနိုင်ပြီး ခွင့်မပြုလိုသည်ကို ခွင့်မပြုနိုင်သည့် အနေအထားများ ဖြစ်ပေါ်နေပါသည်။ 

အောက်ခြေ ၀န်ထမ်းများဘက်မှလည်း အထက်အဆင့်ဆိုသူများသည် သူတို့ကို မည်သည့်လုပ်ပိုင်ခွင့်မှမပေးဘဲ ဖြစ်ပေါ် လာမည့်ပြဿနာများကိုသာ တာဝန်ခံခိုင်းနေသည်ဟူသောအသံများ ကြားနေရသလို အထက်မူဝါဒချမှတ်သူများထံမှလည်း အောက်ခြေသို့ လုပ်ပိုင်ခွင့် ပိုမို ပေးပြီး တာဝန်ယူလိုစိတ် မွေးစေသော်လည်း အစစအရာရာ အထက်သို့သာ တင်ပြနေသည် ဟူသည့်အသံများ ကြားနေရပါသည်။

အထက်နှင့်အောက် အပြန်အလှန် လက်ညှိုးထိုးနေသည့် အထဲတွင် ပြည်သူများမှာ ကျွဲနှစ်ကောင် ကြားက မြေစာပင်ဘ၀မျိုးဖြင့် လုပ်ငန်းများ ခက်ခဲနှောင့်နှေးနေရပါသည်။ 

ဤနေရာတွင် အထက်နှင့်အောက် ကြားမှ အလယ်အလတ်အဆင့် တာဝန် ရှိသူများ၏ မှန်ကန်သောမူဝါဒ ချမှတ်မှုသည် အရေးကြီး သည်ဟု ထင်ပါသည်။

သင်္ဘောသားများကို ကားသွင်းခွင့်ပေးမည်ဆိုပြီး မည်သည့်မော်ဒယ်ဖြစ်ရမည်၊ အသစ်ဖြစ်ရမည်၊ ဘယ်မောင်းဖြစ်ရမည်၊ ဈေး မည်မျှဖြစ်ရမည် စသဖြင့် မူချ မှတ်လိုက်သောအခါ ထို မူဘောင် အတွင်းမှ မည်သည့်ကားမှဝယ်မရသည့် အခြေအနေမျိုးမှာ မဖြစ်သင့်သောကိစ္စပင် ဖြစ်ပါသည်။ 

ပေးကားပေး၏ မရ မဟုတ်ဘဲ မရအောင်ပေးခြင်းမျိုး ဖြစ်နေပါသည်။ 

ကန့်သတ်ချက်များ များလေလေ လုပ်ဆောင်ရခက်လေလေ၊ မသမာမှု များလာလေလေပင်ဖြစ်ပါသည်။

ပြည်သူများ ဖြစ်စေလိုသည်မှာ လုပ်ငန်းတိုင်းတွင် ရှင်းလင်းသော စည်းကမ်းဥပဒေများဖြင့် နည်းပါးသော ကန့်သတ်ချက်များသာ ထားရှိစေလိုကြပါသည်။ 

သို့မှသာ ကန့်သတ်ချက်နှင့် စည်းမျဉ်းဥပဒေ ရှုပ်ထွေးမှုကြောင့် ဖြစ်ပေါ်နေသော မသမာမှုများ၊ လာဘ်စားမှုများကို ဖယ်ရှားနိုင် မည်ဖြစ်ပြီး ပြည်သူအားလုံး တစ်ပြေးညီအခွင့်အရေးရမည် ဖြစ်ပါသည်။ 

ကာယကံရှင်ကိုယ်တိုင်လာရောက် ဆောင်ရွက်ပါလျက် မှတ်ပုံတင် မိတ္တူတောင်းခြင်းမှာ လူထက် စာရွက်က ပိုအရေးကြီးသလို ဖြစ်နေပါသည်။ 

ထို့ပြင် အထက်တာဝန်ရှိသူအချို့၏နိုင်ငံတော်အတွက် မိမိဌာနက ငွေမည်မျှ ရှာပေးနိုင်သည်ဆိုသော မလိုလားအပ်သည့် ပြိုင်ဆိုင် မှုများ၊ ရှေးရိုးစွဲအယူအဆ များကလည်း ပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေရပါသည်။

ထိုပြိုင်ဆိုင်မှုကြောင့်ပင် အစစ ဈေးနှုန်း များမြင့်တက်သည်ကို လက်တွေ့မြင်နေ ရပါသည်။ စီးပွားရေးလုပ်သော အစိုးရ လုပ်ငန်း များကို အားကျပြီး ၀န်ဆောင်မှုပေးသော လုပ်ငန်းဖြစ်သည့် ရန်ကုန် ဆေးရုံကြီးကဲ့သို့သောဌာနကပါ နိုင်ငံတော်အတွက် သိန်း ဘယ်နှထောင် ပြန်ရှာပေးမည်ဟု လုပ်လာသောအခါ ဆေးကုသမှုခံယူသော ပြည်သူများ ဒုက္ခတွေ့ရ ပါတော့သည်။ 

ရန်ကုန်ဆေးရုံကြီးသည် ကာရာအိုကေ၊ အနှိပ်ခန်းတို့ကဲ့သို့ ပျော်၍လာသော၊ ငွေပေါ၍လာသော နေရာမဟုတ်သည်ကို တာဝန်ရှိ သူများ သိစေလိုပါသည်။
.....ဖြစ်နေသည့် ပုံစံမှာ 

မီးကားလာပါ၏၊ ဗို့အားကမပြည့်၊
တယ်လီဖုန်းများကား ပေါလာပါ၏၊ ဆက်၍မရ၊
အင်တာနက်ကား ရှိပါ၏၊ လိုင်းကမတက်။ 

လမ်းတွေလည်း များလာပါ၏၊ အဖုအထစ်နှင့် ချိုင့်များ မကင်းဆိုသည့်အတိုင်း ဖြစ်နေပါသည်။ 

နိုင်ငံတော်သည် သဘာဝသယံဇာတ ပေါကြွယ်ဝည်ဟု သိထားကြသော်လည်း ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးသို့ အလုပ်သမား တင်ပို့နေသည့် နိုင်ငံဘ၀သို့ ကျဆင်းသွားသည်မှာ စိတ်မကောင်း စရာထက် တွေးတတ်မည်ဆိုပါက စိုးရိမ် စရာအနေအထားပင် ဖြစ်ပါသည်။

မြန်မာတို့၏ လူမျိုးစရိုက်အရ မိမိအိုးအိမ် မှ ပစ်ခွာသွားလိုသူ နည်းပါးလှသော်လည်း စားရေး၊ ၀တ်ရေး၊ ပညာရေးတို့ အတွက် ဆယ်ကျော်သက်များ နိုင်ငံကို စွန့်ခွာနေကြသည်မှာ အစုလိုက် အပြုံ လိုက်ဖြစ်နေသည်ကို မြင်နေရပါသည်။ 

ယခုအခါ ကျေးလက်ဒေသမှ လူငယ် အများစုသည်ပင် နိုင်ငံခြားသို့ ရရာ အလုပ် သွားရောက်လုပ်ကိုင်နေကြ သဖြင့် တစ်ချိန်တွင် လယ်ထွန်ပျိုးနှုတ် မည့်သူပင် မလုံလောက်တော့မည့် အရေး စိုးရိမ်နေရပြီဖြစ်ပါသည်။ 


တဘက်ကို ခေါင်းတွင်ပေါင်းပြီး ပြောင်းဖူးဖက်လိပ်ကြီးများကိုင်ကာ နိုင်ငံ ခြားသို့ ရရာအလုပ်သွားလုပ်မည့် သားသမီးမြေးမြစ်များကို ရွာလုံးကျွတ် လိုက်ပို့နေကြသူများ ရန်ကုန်လေဆိပ် တွင် မြင်နေရသည်မှာ အဆန်းမဟုတ် တော့သည့်၊အခြေအနေဖြစ်နေပါသည်။ 

ထို့ကြောင့် ခေတ်မီပညာရေးနှင့် မိသားစုအတွက်စားဝတ်နေရေး ဖူလုံစေ မည့် စီးပွားရေးကို နိုင်ငံတော်အတွင်းတွင် ရှာဖွေနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသင့်ပါသည်။ 

ထိုသို့ဖြစ်ရန်မှာ လည်း အစိုးရအုပ်ချုပ်ရေး ယန္တရား၏ မလိုလားအပ်သော၊ ခေတ်နှင့်မလျော်ညီတော့သော ဥပဒေများ၊ စည်းမျဉ်း များကို ဖယ်ရှားသင့်သည်ဟု ထင်မြင်ပါသည်။ 

ဝန်ထမ်းများကို သရုပ်ခွဲကြည့်ပါကလည်း မိမိဘ၀ရပ်တည်ရေးအတွက် ရိုးသားစွာ တာဝန်ထမ်းဆောင်နေသူများ၊ ငွေကြေးကြောင့် မဟုတ်ဘဲ ဂုဏ် သိက္ခာကြောင့် လုပ်ကိုင်နေသူများနှင့် မိမိရာထူးအဆင့်ကို အသုံးပြုပြီး ကိုယ်ကျိုးရှာသူများဟု သုံးမျိုးခွဲကြည့်နိုင်ပါ သည်။ 

ကျွန်တော်သည် တလောက ကော်ပိုရေးရှင်းကြီးတစ်ခုတွင် စက်ရုံ ထုတ်ပစ္စည်းတစ်မျိုးဝယ်ယူရန် လျှောက်လွှာတင်ခဲ့ပါသည်။ 

အဆိုပါရုံးမှ ဖုန်း ဆက်ပြီးလာခဲ့ရန် ပြောသဖြင့် သွားသော အခါ စားပွဲလေးငါးလုံးကို ဖြတ်သန်းပြီးမှ သက်ဆိုင်ရာအရာရှိရှေ့ ရောက်ပါသည်။ 

ထိုအရာရှိက သူရထားသော ရာထူးကို သူ့ယောက္ခမက အမွေပေးထားခဲ့သည့်မျက်နှာဖြင့် ခင်ဗျား ၀ယ်ယူရန် တင်ပြထားခြင်းကို ခွင့်မပြုနိုင်ဟု ပြောပါသည်။ 

သူပင် ကျွန်တော့ကို ရုံးလာခဲ့ရန် ဖုန်းဆက်ခေါ်ခြင်းဖြစ်ပါသည်။ မရောင်းနိုင်ပါကလည်း ဖုန်းထဲမှပင် ပြော၍ပြီးမည့်ကိစ္စ (သို့တည်း မဟုတ်) ဖုန်းဖြင့်မပြောလိုသည်ထားဦး၊ ကျွန်တော်၏ လျှောက်လွှာတွင် လိပ်စာပါပြီး ဖြစ်သဖြင့် စာဖြင့် ပြန်လည်အကြောင်း ပြန်လည်း ဖြစ်နိုင်ပါလျက် ယခုကဲ့သို့ ခေါ် ယူပြောကြားခြင်းကို လုံးဝနားမလည်နိုင်အောင် ဖြစ်ရပါသည်။ 

အတူလိုက်ပါခဲ့သည့်မိတ်ဆွေတစ်ဦးကမူ ကျွန်တော်၏လက်ထဲတွင် ပစ္စည်းတစ်စုံတစ်ရာပါက ထိုအရာရှိပြောမည့်အဖြေသည် ပြောင်း သွားနိုင်ကြောင်း သူ့အမြင်ကို ဖွင့်ဟ အကြံပေးပါသည်။ 

အလားတူပင် ကျွန်တော်သည် လုပ်ငန်းတစ်ခု လုပ်ကိုင် ခွင့်ရရန် နိုင်ငံတော်သို့ ကျပ်သိန်းမည်မျှ ပေးသွင်းမည်ဟု ၀န်ကြီးဌာန တစ်ခုထံ အဆိုပြုလွှာ တင်သွင်းခဲ့ပါလျက် နိုင်ငံတော်သို့ တစ်ပြားတစ်ချပ်မှ မပေးသူ တစ်ဦးအား အခမဲ့ခွင့်ပြုလိုက်ခြင်း အပေါ် လည်းနားမလည်နိုင် ဖြစ်ရပါသည်။ 

သူငယ်ချင်းတစ်ဦးကလည်း ယခု ကဲ့သို့ ရင်ဖွင့်ပါသည်။ 

သူ့အနေဖြင့် နိုင်ငံတော်ပိုင် စက်ရုံတစ်ရုံကို နှစ်ပေါင်းများစွာ ငှားရမ်းလုပ်ကိုင်လာသူဖြစ်ပါသည်။ 

ယခုခေတ်သစ်တွင် စက်ရုံကို နှစ်ရှည် အငှားရောင်းစနစ်အတွက် တင်ဒါခေါ်ရာ သူသည် တစ်နှစ်လျှင် ကျပ်သိန်း ၁၀၀ ပေးသွင်း ပါမည်ဟု အဆိုပြုခဲ့ပါလျက်၊ လက်ရှိလုပ်ကိုင်နေသူလည်း ဖြစ်ပါလျက် သူ့ကိုခွင့်မပြုဘဲ တစ်နှစ်မှ ၂၅ သိန်းသာပေးသူကို ငှားရမ်းခွင့် ချပေးခြင်း အပေါ် နားမလည်နိုင်ဖြစ်ရသည်ဟု ဆိုလာပါသည်။ 

ယခင်စနစ်အတိုင်း လက်သင့်ရာ စားတော်ခေါ်စေသည့် လုပ်ရပ်များလည်း ရှိနေဆဲပင် ဖြစ်သည်ကို ယခုအချက်များက သက်သေပြ လိုက်ခြင်းဖြစ်ပါသည်။ 

ကျွန်တော့အနေဖြင့် နိုင်ငံတော်သို့ ၂၅ သိန်းသာ ပေးသွင်းပြီး အဆိုပါစက်ရုံ လုပ်ပိုင်ခွင့်ရသူကို သွားမေးကြည့်မိပါ က နိုင်ငံတော် ကိုသာ ၂၅ သိန်း သွင်းရတာ၊ ကျွန်တော်ကုန်တာ ခင်ဗျားတို့အဆိုပြုတဲ့ သိန်း ၁၀၀ ထက်များပါတယ်ဟု ပြန်ဖြေမည်မှာ အသေ အချာဖြစ်သဖြင့် မိမိနား နှင့် ဒေါသကို အနားပေးသည့်အနေဖြင့် မမေးမိတော့ပါ။

နောက်ဆုံးတွင် ကျွန်တော်တို့အတွက် အတိတ်ကံ မကောင်းဟူသော စကားဖြင့်သာ ဖြေသိမ့်ခဲ့ရပါသည်။ 

ကျွန်တော် တင်ပြလိုသည်မှာ အစိုးရဌာန အသီးသီးတွင် ယခင် ခေတ်အဆက် ဆက်ကတည်းက ချမှတ်ထားသော ရှုပ်ထွေးပွေလီ လှသည့် စည်းကမ်းဥပဒေများ၊ လိုက်နာရန်မဖြစ်နိုင်သည့် မြားမြောင်လှစွာသော ကန့်သတ်ချက်များ၊ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခွင့်ပြု သည်အထိ အဆင့်ဆင့်တင်ပြရသောလုပ်ငန်းစဉ်များ၊ တရားဝင် ယှဉ်ပြိုင်ခွင့် မပြုဘဲ လက်သင့်ရာ စားတော်ခေါ်နေသည့် လုပ်ရပ် များကို ရပ်တန့်သင့်သည့် အချိန် ရောက်နေပြီဖြစ်ပါသည်။

Wednesday, January 18, 2012

ရပ်ကွက်ထဲမှ လုပ်စားကွက်များ (တိုင်စာ)

0 comments
ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် မင်္ဂလာလမ်း မင်္ဂလာ တံတားအနီးရှိ အိမ်ခြေများစွာထဲမှ အိမ်ခန်း သုံးခန်းအား (၂၇.၁၂.၂၀၁၁) ရက်နေ့ ည (၁၁.၃၀) နာရီအချိန် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးစိုးဝင်း နှင့် တခြား ရာအိမ်မှူး ဆယ်အိမ်မှူး လေးဦး၊ မီးသတ်တပ်ဖွဲ့ တပ်စုမှူး ဦးသန်းအေးနှင့် တပ်ဖွဲ့ဝင် သုံးဦး စုစုပေါင်း ရှစ်ဦးသည် ရှောင်တခင် ဧည့်စာရင်း ၀င်ရောက်စစ်ဆေးပြီး အခန်းတခန်းလျှင် ဘတ်ငွေ တစ်ထောင် နှုန်းဖြင့် ဒဏ်ငွေကို ချက်ခြင်းပေးဆောင်ရမည်ဟု အတင်းအကျပ် ပြောဆိုတောင်းခံခဲ့ပါသည်။

စစ်ဆေးခံရသည့် အိမ်ခန်းများမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံတွင် ဒဏ်ငွေပေးဆောင်မည်ဟု ပြောသော်လည်း လက်မခံခဲ့ဘဲ ၄င်းတို့အဖွဲ့တွင်သာပေးရန် မပေးပါက ရဲစခန်းသို့ပို့ပြီး အချုပ်ထဲထည့်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ အတင်းအဓမ္မ တောင်းယူသွားခဲ့ရာ အိမ်ခန်း သုံးခန်းမှ မည့်သို့မျှပြောဆိုမရဲဘဲ ပေးလိုက်ရကြောင်း၊ ၄င်းအဖြစ်အပျက်များကို ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တာဝန်ပေးမထား၍ မသိရှိလိုက်ရကြောင်း၊ ယင်းအဖြစ်ပျက်များအား သက်ဆိုင်ရာမှတဆင့် အရေးယူဆောင်ရွက်ပေးပါရန် တင်ပြလိုက်ပါသည်။

ရွာခံတစ်ဦး
ရွှေဟင်္သာရပ်ကွက်၊ ကော့သောင်း